
အီဂျစ်အသင်းဟာ ကမ္ဘာ့ဖလားသမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ရှုံးထွက်အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပြီး ဒီနိုင်ပွဲကြောင့် အီဂျစ်အသင်းခေါင်းဆောင် မိုဟာမက်ဆာလာဟာ ပွဲအပြီးမှာ ဝမ်းသာမျက်ရည်ကျခဲ့ပါတယ်။
ဒီမနက် ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ၃၂ သင်းရှုံးထွက်အဆင့်မှာ သြစတြေးလျကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ၄-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲဟာ အီဂျစ်တို့အတွက် သမိုင်းသစ်တခုကို ရေးထိုးလိုက်တာ ဖြစ်ပါတယ်။
သြစတြေးလျနည်းပြ တိုနီပေါပိုဗစ်က ပင်နယ်တီမကန်ခင် ဂိုးသမားကို အပြောင်းအလဲလုပ်ခဲ့ပေမဲ့ အရန်ဂိုးသမား မတ်ရိုင်က ပင်နယ်တီတလုံးမှ မကာကွယ်နိုင်ခဲ့ပါဘူး။
အီဂျစ်အသင်းကတော့ ပင်နယ်တီမကန်ခင် မတ်ရိုင်ရဲ့ ကာကွယ်ပုံတွေကို လေ့လာထားတာပါ။ ပွဲချိန်အတွင်းမှာ အီဂျစ်အတွက် အီမန်အာရှိုးက ဦးဆောင်ဂိုးသွင်းခဲ့ပြီး သြစတြေးလျရတဲ့ ချေပဂိုး ကလည်း အီဂျင်းအသင်းသား မိုဟာမက်ဟာနီက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာပါ။
မိုဟာမက်ဆာလာကတော့ ဒီပွဲဟာ ဘဝမှာ အကြီးဆုံးပွဲဖြစ်ပြီး ဖိအားမယူဖို့ အသင်းဖော်တွေကို ပြောခဲ့ပါတယ်။
Photo: Reuters










