အီဂျစ်နိုင်ငံ၊ အစ္စမိုင်းလီးယားခရိုင်အတွင်း အလုပ်သမားတွေကို တင်ဆောင်လာတဲ့ ပစ်ကပ်ကား ၂ စီး ခေါင်းချင်းဆိုင် တိုက်မိခဲ့တာကြောင့် လူ ၁၇ ယောက် သေဆုံးပြီး ၃၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၁၁ ရက်မှာ ပြောပါတယ်။
ဒီယာဉ်တိုက်မှုဟာ အယ်လ်ဒါဝါဝီးစ် ဧရိယာမှာ ဖြစ်ပွားခဲ့တာလို့လည်း ဝန်ကြီးဌာနက ဆိုပါတယ်။ အစ္စမိုင်းလီးယားခရိုင်မှာ ယာဉ်တိုက်မှုကြောင့် သေဆုံးသွားခဲ့ရတဲ့ အလုပ်သမားတွေရဲ့ မိသားစုဝင်တွေဟာ သူတို့ရဲ့ ရုပ်အလောင်းတွေကို ပြန်လည်ထုတ်ယူဖို့ ဆေးရုံရှေ့မှာ အင်္ဂါနေ့က စုဝေး စောင့်ဆိုင်းခဲ့ကြပါတယ်။
အလုပ်သမားတွေဟာ မိုးမလင်းခင်ကတည်းက အလုပ်သွားပြီး အလုပ်ပြီးလို့ ပြန်လာချိန်မှာ လမ်းက ကျဉ်းပြီး တလမ်းသွား ဖြစ်နေတာကြောင့် အလုပ်သမားတွေ တင်လာတဲ့ ကား ၂ စီး ခုလို ခေါင်းချင်းဆိုင် တိုက်မိကြတာပါလို့ သေဆုံးသွားသူတယောက်ရဲ့ ဆွေမျိုးဖြစ်သူ ရာမာဒန် မိုဟာမက် အဗ္ဗဒယ် မိုနိမ်းက ပြောပါတယ်။
နောက်နောင် အလားတူဖြစ်စဉ်တွေ မဖြစ်ပွားရအောင် ဒီလမ်းကို တကြောင်းသွားမဟုတ်ဘဲ နှစ်ကြောင်းသွားလမ်းအဖြစ် ပြောင်းလဲပေးဖို့လည်း မိသားစုဝင်တွေက တောင်းဆိုထားကြပါတယ်။
Source: Reuters











