
မွန်ပြည်နယ် သထုံမြို့မှာ တက္ကသိုလ်ကျောင်းသူ ၃ ယောက် သေဆုံးခဲ့တဲ့ ယာဥ်တိုက်မှုမှာ ယာဥ်မောင်းဖြစ်သူ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးဝန်ထမ်း ကိုနေလင်းစိုး ကို အောက်တိုဘာ ၂၀ ရက်မှာ သထုံမြို့နယ်တရားရုံးက ထောင်ဒဏ် ၅ နှစ် အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးဝန်ထမ်း ကိုနေလင်းစိုးကို သထုံမြို့နယ် တရားရုံးက ပုဒ်မ ၃၈၈ နဲ့ ထောင်ဒဏ် ၅ နှစ် အမိန့်ချလိုက်တာလို့ တရားရုံးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“သာမန်ယာဥ်တိုက်မှုတွေဆိုရင် ပုဒ်မ ၃၇၇ နဲ့ အမိန်ချတာများတယ်။ ပုဒ်မ ၃၇၇ နဲ့ဆို ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ် ၁၀,၀၀၀ ပဲ။ အခုယာဥ်တိုက်မှုမှာ အခင်းဖြစ်တဲ့အချိန်မှာ ပြစ်မှုကျူးလွန်သူက အရက်သောက်ထားတာရယ်၊ လူ ၃ ယောက်အထိ သေတာဖြစ်လို့ ပုဒ်မ ၃၈၈ အမိန့်ချလိုက်တာ။”
အမှုရင်ဆိုင်နေစဥ်ကာလအတွင်း ကနညဝန်ထမ်း ကိုနေလင်းစိုးဘက်က သေဆုံးသူ တက္ကသိုလ်ကျောင်းသူ ၃ ယောက်ကို နစ်နာကြေးငွေ တယောက် ကျပ် သိန်း ၁၀၀ ပေးပြီး အမှု ကျေအေးပေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ မိသားစုဝင်တွေက လက်မခံဘဲ အမှုရင်ဆိုင်ကြတာလို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၁၀ ရက် ညနေ ၄ နာရီက သုဝဏ္ဏဝတီမြို့သစ်ဘက်မှာ မွေးနေ့ကိတ်ဝယ်ပြီး ဆိုင်ကယ်နဲ့ ပြန်လာတဲ့ တက္ကသိုလ်ကျောင်းသူ ၃ ယောက်ဟာ လေးတိုင်ကျေးရွာအနီး သထုံ-ဘားအံ ကားလမ်းမှာ ကားတိုက်ခံရတာ ဖြစ်ပါတယ်။
ယာဉ်တိုက်မှုကြောင့် မော်လမြိုင်တက္ကသိုလ်မှ ပထမနှစ်ကျောင်းသူ မအေးအေးအောင်၊ မနေခြည်ကျော်နဲ့ ဒုတိယနှစ်ကျောင်းသူ မဂျူလိုင်မိုးတို့ အခင်းဖြစ်နေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။











