DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် ၁၂ နှစ်ကလေး ကားခိုးမောင်းပြီး သံဃာများကို ဝင်တိုက်၊ ၈ ပါး ပျံလွန်ပြီး ၂၀ ကျော် ဒဏ်ရာရ 
DVB
·
July 2, 2026
Photo: TPBS
Photo: TPBS
Donate to DVB

ထိုင်းအရှေ့မြောက်ပိုင်း မုတ်ဒါဟန်ခရိုင်မှာ ဒီနေ့ ဇူလိုင် ၂ ရက်မနက်က အသက် ၁၁ - ၁၂ နှစ်အရွယ် ယောကျ်ားလေးတယောက်က မိဘတွေမသိအောင် ကားခိုးမောင်းရင်း လမ်းဘေးက သံဃာတွေကို ဝင်တိုက်မိတာကြောင့် သံဃာ ၈ ပါး ပျံလွန်သွားပြီး ၂၀ ကျော် ဒဏ်ရာရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မုတ်ဒါဟန် အဝေးပြေးလမ်း ရဲတပ်ဖွဲ့မှ ရဲအုပ် ထီရာကယောက်နစ်က ဒီမနက်က ကိစ္စတခုနဲ့ မုတ်ဒါဟန်မြို့ နားဆီနွန်းအုပ်စု နားဝိန်းကယ်ရပ်ကွက်ရှိ လမ်းပေါ်မောင်းနှင်လာစဉ် သံဃာတွေ ရုတ်ရုတ်သဲသဲဖြစ်နေတာ တွေ့ရှိတယ်။ မူလက လေ့ကျင့်ရေးတခုခု လုပ်ဆောင်နေတယ်လို့ ထင်ခဲ့ပေမဲ့ အနီးရောက်တော့မှ ယာဉ်တိုက်မှုဖြစ်ပွားတာ သိရတယ်၊ ဒါကြောင့် အရေးပေါ် ကယ်ဆယ်ရေးဌာနနဲ့ ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေ ရောက်လာတော့ ပွဲချင်းပြီး ပျံလွန်သွားတဲ့ သံဃာ ၅ ပါးနဲ့ ဒဏ်ရာရသံဃာ အပါး ၂၀ ကျော်ကို ဆေးရုံကို အမြန်ပို့ဆောင်ပေးခဲ့တယ်၊ ဒဏ်ရာရတဲ့ထဲက ၇ ပါးမှာ ပြင်းထန်တယ်လို့ ဆိုပါတယ်။

မုတ်ဒါဟန်ဆေးရုံမှာတော့ ဒဏ်ရာအပြင်းအထန်ရထားတဲ့ သံဃာ ၇ ပါးထဲက နောက်ထပ် ၃ ပါး ပျံလွန်သွားတဲ့အတွက် ပျံလွန်သွားတဲ့ သံဃာစုစုပေါင်း ၈ ပါး ရှိလာပါပြီ။

ဆက်လက်စစ်ဆေးမေးမြန်းချက်အရ ဒီမတိုင်ခင် ရဟန်းသံဃာတော် ၃၄ ပါးဟာ သာသနာရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ဖို့ ဥဘွန်းရာ့ချ်ဌာနီဘက် ဦးတည်ပြီး စီတန်း လျှောက်လှမ်းနေပါတယ်။ ထိုစဉ် ရွှေအိုရောင်ဟိုင်းလပ်စ်ကားတစီးက အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်တာကြောင့် သေဆုံးဒဏ်ရာရမှုတွေ ဖြစ်ခဲ့တာလို့ သိရပါတယ်။

ကားမောင်းသူမှာ အသက် ၁၁ - ၁၂ နှစ်အရွယ်သာ ရှိသေးတဲ့ ယောကျ်ားလေးတယောက်ဖြစ်တယ်၊ သူဟာ မိဘတွေမသိအောင် ကားခိုးမောင်းပြီး လမ်းပြောင်းပြန်မောင်းနှင်လာစဉ်  သံဃာတော်တွေကို အရှိန်နဲ့ ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက ကလေးရဲ့ မိဘအုပ်ထိန်းသူကို ခေါ်ဆိုကာ ကလေးနဲ့ပတ်သက်တာတွေကို စစ်ဆေးမေးမြန်းနေပါတယ်။

ဒဏ်ရာရသံဃာတွေကို ကုသဖို့ သွေးအမြောက်အမြား လိုအပ်နေတာကြောင့်  သွေးလှူရှင်တွေကို အရေးပေါ် သွေးလာလှူပေးဖို့ ကြော်ငြာထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Source: Workpoint News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013