ပြင်သစ်နိုင်ငံမြောက်ပိုင်း၊ ကားန်မြို့မှာ ဩဂုတ် ၂၆ ရက် ညနေပိုင်းက ရထားဘူတာရုံရှေ့မှာ လမ်းလျှောက်သွားလာသူ လူအုပ်ထဲကို ကားတစီးက တမင်တကာ ဝင်တိုက်ခဲ့လို့ တယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
ကဲလ်ဗားဒို့စ်ခရိုင် တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဒေးဗစ် ကလာဗီယာက “ထိခိုက်သေဆုံးမှုက တော်တော်များပါတယ်။ တဦးသေဆုံး၊ ၇ ဦးက စိုးရိမ်ရတဲ့အခြေအနေမှာရှိပြီး ဒဏ်ရာပြင်းထန်ပေမဲ့ အသက်အန္တရာယ် မစိုးရိမ်ရသူ ၃ ယောက် ရှိပါတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။
လူငယ်အများအပြား ခုံတန်းပေါ်မှာ ထိုင်နေတုန်း ကားက မောင်းလာပြီး ဝင်တိုက်သွားတာလို့ မျက်မြင်တွေ့ရှိသူတယောက်က ဒေသတွင်းသတင်းဌာန BFMTV ကို ပြောပြပါတယ်။
ဒဏ်ရာရသူ အများစုဟာ အာဖဂန်နစ္စတန် နွယ်ဖွားတွေဖြစ်ပြီး သူတို့ရဲ့ ခြေထောက်တွေ၊ လက်ချောင်းတွေ ကျိုးကုန်ကြတယ်လို့ တခြား မျက်မြင်တွေ့ရှိသူတယောက်က ပြောပါတယ်။
ယာဉ်မောင်းကို နောက်ပိုင်းမှ ဖမ်းဆီးရမိခဲ့ပြီး သူဟာ ရုရှားမှာ မွေးဖွားသူတယောက်ဖြစ်ကာ ထောက်လှမ်းရေးဌာနတွေဘက်က မှတ်တမ်းမရှိဘူးတဲ့သူ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ယာဉ်မောင်းရဲ့ ဒီလိုပြုလုပ်ရတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးဘဲ ရဲတပ်ဖွဲ့က CCTV မှတ်တမ်းတွေကို စစ်ဆေးပြီး အမှုမှန်ကို စုံစမ်းစစ်ဆေးနေပါတယ်။
Source: Reuters











