
အစိုးရကို ဘယ်တော့မှအနားမပေးနဲ့ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ရန်ပုံငွေပိုရရေးအတွက် ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကျောင်းသားတွေ၊ ဆရာတွေက ဆန္ဒပြခဲ့ကြပါတယ်။
အထက်တန်းကျောင်းနဲ့ တက္ကသိုလ်တွေက ကျောင်းသားနဲ့ ဆရာထောင်ပေါင်းများစွာဟာ နိုဝင်ဘာ ၁၀ ရက်က ပါရီမှာ ချီတက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
ပညာရေးမှာ ပိုကောင်းတဲ့ အခြေအနေတရပ်ရရှိဖို့ ကျောင်းသားသမဂ္ဂတွေက သန္နိဋ္ဌာန်ချထားပြီး အခုလို ဆန္ဒပြမှုတွေကို ဆက်လုပ်နေတာပါ။
စက်တင်ဘာလက ကျောင်းအဆောက်အအုံတွေ ပြန်လည်ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ရန်ပုံငွေ တောင်းခံရာကနေ စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ပြင်သစ်နိုင်ငံ လမ်းမတွေပေါ်မှာ ပြန့်နှံ လာတာဖြစ်ပါတယ်။
ပညာရေးအတွက် ဆန္ဒပြရာကနေ နေထိုင်စရိတ်ကြီးမြင့်မှုတွေပါ ပါဝင်လာပြီး အလုပ်သမားသမဂ္ဂ တွေ၊ နိုင်ငံရေးတက် ကြွလှုပ်ရှားသူတွေပါ ပါဝင်ခဲ့သလို အကြမ်းဖက်မှုတွေလည်း ဖြစ်ပွား ခဲ့ပါသေးတယ်။
၉၉ ရာခိုင်နှုန်း ရှိတဲ့ အထက်တန်းကျောင်းသားတွေဟာ စာသင်ခန်းထဲ ပြန်ရောက်နေပြီလို့ ပြင်သစ် ပညာရေးဝန်ကြီးက ပြောပါတယ်။
အင်္ဂါနေ့မနက်က ပြင်သစ်နိုင်ငံတဝန်း အထက်တန်းကျောင်း ၃,၇၀၀ အနက် ၄၉ ကျောင်း ပိတ်ဆို့ ခဲ့တယ်လို့လည်း ဆိုပါတယ်။
ပြင်သစ်အထက်တန်းနဲ့ တက္ကသိုလ်ကျောင်းသား သမဂ္ဂတွေဟာ ဝန်ကြီးချုပ်နဲ့ဆွေးနွေးမှုအပြီး ကျေနပ်မှု မရှိတာကြောင့် ဆန္ဒပြမှုတွေ ဆက်လုပ်ဖို့လိုအပ်တယ်လို့ နိုဝင်ဘာ ၉ ရက်က ပြောပါတယ်။
ပါရီမြို့လိုပဲ ပြင်သစ်အနောက်ပိုင်း နန့်မှာလည်း နိုဝင်ဘာ ၁၀ ရက်က ပညာရေးရန်ပုံငွေတိုးပေးဖို့ လူထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ကြပါသေးတယ်။
ဆန္ဒပြပွဲတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆက်ပြီး လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
Source: Reuters











