DVB Logo
Home
နိုင်ငံတကာ
နိုင်ငံခြားသားများ ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း ထိုင်းအစိုးရ အတည်ပြု
DVB
·
July 15, 2026
Photo: Khaosod
Photo: Khaosod
Donate to DVB

ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာသူ၊ ဥပဒေချိုးဖောက် အလုပ်လုပ်ကိုင်သူ ဒါမှမဟုတ် စီးပွားရေးလုပ်ကိုင်သူတွေအပြင် ကြီးလေးတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးဖို့အတွက် တရားဝင် လုပ်ထုံးလုပ်နည်း မူကြမ်းကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်တဲ့အကြောင်း Khaosod  သတင်းမှာ ဇူလိုင် ၁၄ ရက်က ဖော်ပြပါတယ်။

ဒါဟာ ထိုင်းဒုတိယဝန်ကြီးချုပ်ရဲ့ တင်ပြချက်အရ ဝန်ကြီးချုပ်ရုံးရဲ့ ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း မူကြမ်းကို အစိုးရအဖွဲ့အစည်းအဝေးမှာ အတည်ပြုခဲ့တာလို့ ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ ရတ်ချဒါး သာနာဒီးရက်က ပြောပါတယ်။

ဒီလုပ်ထုံးလုပ်နည်းအသစ်မှာတော့ ပြည်သူလူထုရဲ့ အေးချမ်းတည်ငြိမ်မှုနဲ့ ကိုယ်ကျင့်တရားပိုင်းကို ကာကွယ်နိုင်ဖို့အတွက် အာဏာပိုင်တွေအနေနဲ့ ပြည်နှင်ဒဏ်ပေးဖို့ လိုအပ်တယ်လို့ ယူဆရတဲ့ ပြစ်မှုအမျိုးအစား ၆ ချက်ကို သတ်မှတ်လိုက်တာပါ။

အဲဒီထဲမှာ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတာ၊ ဒါမှမဟုတ် ဗီဇာသက်တမ်းကျော် နေထိုင်တာ၊ နိုင်ငံခြားသား အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ပြီး အလုပ်လုပ်ကိုင်တာ။ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ချိုးဖောက်ပြီး ထိုင်းနိုင်ငံအတွင်း စီးပွားရေးလုပ်ကိုင်တာ၊ အစိုးရ တရားဝင် စာရွက်စာတမ်းအတုတွေ ပြုလုပ်တာ၊ ဒါမှမဟုတ် စာရွက်စာတမ်းအတုတွေကို အသုံးပြုတာ၊ ထောင်ဒဏ် ၃ နှစ်နဲ့အထက် ကျခံရမဲ့ ရာဇဝတ်ပြစ်မှုတခုခုကို ကျူးလွန်တာ၊ အဆိုပါ ပြစ်မှုတခုခုကို ကျူးလွန်ရာမှာ ပင်မတရားခံအဖြစ် ပါဝင်တာ၊ လှုံ့ဆော်သူ၊ ဒါမှမဟုတ် အားပေးကူညီသူအဖြစ် ပါဝင်တာ စတာတွေ ပါဝင်နေပါတယ်။

အခု တင်ပြချက်ဟာ ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်က ထိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲအနေနဲ့ ထွက်ပေါ်လာတာဖြစ်ပြီး အဲဒီတုန်းက လူဝင်မှုကြီးကြပ်ရေးနဲ့ပတ်သက်တဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေကို မြှင့်တင်ဖို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ဒုတိယဝန်ကြီးချုပ် ပါခွန်ကို တာဝန် ပေးခဲ့တာပါ။

အခုလို ပြန်လည်စိစစ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ရာဇဝတ်မှု ကျူးလွန်သူတွေ ဒါမှမဟုတ် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ပိုမိုမြန်ဆန်စွာ ပြည်နှင်ဒဏ်ပေးနိုင်ဖို့ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းအစိုးရရဲ့ ပြောကြားချက်အရ လက်ရှိအချိန်အထိ ထိုင်းနိုင်ငံမှာ ပြည်နှင်ဒဏ်ပေးတာနဲ့ ပတ်သက်လို့ စနစ်တကျ ပေါင်းစည်းထားတဲ့ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း မရှိသေးတာကြောင့် အမှုတခုချင်းစီအလိုက် ဌာနဆိုင်ရာတွေအကြား အနီးကပ် ညှိနှိုင်းဆောင်ရွက်နေရတာလို့ ဆိုပါတယ်။

ဒါကြောင့် အခု မူဘောင်အသစ်ဟာ ပြည်နှင်ဒဏ်ပေးတဲ့ လုပ်ငန်းစဉ်တွေကို ပိုမိုမြန်ဆန်ပြီး ထိရောက်မှုရှိစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ဒီလုပ်ထုံးလုပ်နည်း မူကြမ်းအရ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြားသား အကျဉ်းသားတွေကို ပြန်လည်မလွှတ်ပေးခင်မှာ သူတို့ရဲ့ အမည်၊ နိုင်ငံသား၊ အမှုတွဲဖိုင်နဲ့ တခြားလိုအပ်တဲ့ အချက်အလက်တွေကို ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဒါမှမဟုတ် တာဝန်ပေးအပ်ထားတဲ့ အရာရှိဆီ ကြိုတင် ပေးပို့ရမှာ ဖြစ်ပါတယ်။

အဲဒီနောက် အမြဲတမ်းအတွင်းဝန်၊ ဒါမှမဟုတ် တာဝန်ခံအရာရှိက အဆိုပါ အမှုတွဲကို ပြည်ထဲရေးဝန်ကြီးဆီ ချက်ချင်း တင်ပြရမှာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးက နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ ပြည်နှင်ဒဏ်ပေးဖို့ အမိန့်ထုတ်ပြန်ခြင်း ရှိ၊ မရှိကို ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်လို့ အဲဒီလူရဲ့ နိုင်ငံသားဖြစ်မှုကို အတည်မပြုနိုင်တဲ့ အခြေအနေမျိုးမှာတော့ သူတို့ ထိုင်းနိုင်ငံထဲ မဝင်ရောက်ခင် နောက်ဆုံး နေထိုင်ခဲ့တယ်လို့ ပြောဆိုတဲ့ နိုင်ငံဆီ ပြည်နှင်ဒဏ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် သံတမန်လမ်းကြောင်းကတဆင့် တောင်းဆိုချက် တင်ပြလာမယ်ဆိုရင် အဆိုပါ နိုင်ငံခြားသားကို မိမိတို့ နိုင်ငံသားမဟုတ်တဲ့ အခြားတတိယနိုင်ငံတခုခုဆီ ဖြစ်စေ၊ ဒါမှမဟုတ် နိုင်ငံတကာအဖွဲ့အစည်းတခုခုဆီ ဖြစ်စေ လွှဲပြောင်းပေးအပ်နိုင်မှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒါပေမဲ့ အဲဒီလို လွှဲပြောင်းလက်ခံမဲ့ နိုင်ငံ၊ ဒါမှမဟုတ် အဖွဲ့အစည်းအနေနဲ့ အဆိုပါပုဂ္ဂိုလ်ကို စောင့်ရှောက်ရမဲ့ စရိတ်စကတွေနဲ့ ပြည်နှင်ဒဏ်ပေးမဲ့ ကုန်ကျစရိတ်အားလုံးကို တာဝန်ယူဖို့ သဘောတူရမှာဖြစ်သလို ပြည်နှင်ဒဏ်ပေးခြင်း ခံရမဲ့သူ ကိုယ်တိုင်ကလည်း လွှဲပြောင်းပေးအပ်ဖို့အတွက် ကနဦးစာနဲ့ ရေးသားထားတဲ့ သဘောတူညီချက် ပေးအပ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Source: Khaosod 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013