DVB Logo
Home
Lead Story
ရှန့်ချီဖန်ပေါ်က ဉာဏ်ကစားပွဲ (သို့) မဟာဗျူဟာမြောက်အစီအမံများနှင့် အဆုံးအဖြတ်ထိုးစစ်
DVB
·
March 28, 2026
ရှန့်ချီဖန်ပေါ်က ဉာဏ်ကစားပွဲ (သို့) မဟာဗျူဟာမြောက်အစီအမံများနှင့် အဆုံးအဖြတ်ထိုးစစ်
Donate to DVB

တရုတ်ရိုးရာ စစ်တုရင်ကစားနည်းကို မဒရင်းအသံထွက်နဲ့ Xiangqi လို့ခေါ်ပါတယ်။ မြန်မာလိုဆို ရှန့်ချီလို့ အနီးစပ်ဆုံးခေါ်လို့ရမယ် ထင်ပါတယ်။

Xiang ဆိုတာက မဒရင်းဘာသာစကားမှာ 'ဆင်' လို့ အဓိပ္ပာယ်ရပါတယ်။ Qi ဆိုတာကတော့ 'ကစားနည်း/စစ်တုရင်' ဆိုတဲ့ အဓိပ္ပာယ်ပါ။ မဒရင်းဘာသာစကားနဲ့ 'ခုံ၊ဘုတ်ပြား' ဆိုတာကို Pan လို့ ခေါ်ပါတယ်။ ဆိုတော့ တရုတ်ရိုးရာစစ်တုရင်ခုံကို "ရှန့်ချီဖန်" လို့ ခေါ်ကြပါတယ်။

တရုတ်ရိုးရာစစ်တုရင်ခုန်ရဲ့ ထူးခြားချက်က အလယ်မှာ မြစ်တစင်းအနေနဲ့ သတ်မှတ်ထားတဲ့ ကန့်လန့်ဖြတ် နယ်နိမိတ်စည်းပါရှိတာ၊ နန်းဝောာ်အဖြစ်သတ်မှတ်ထားတဲ့ အကွက် ၉ ခုကလွဲရင် ဘုရင်ရုပ်နဲ့ အတိုင်ပင်ခံရုပ်တို့ ရွှေ့ခွင့်မရှိတာ စတာတွေပါပဲ။

နန်းတော်အဖြစ်သတ်မှတ်တဲ့အကွက်တွေကတော့ ကစားရုပ်စီချိန်မှာ ဘုရင်ရုပ်အခြေပြုတဲ့ အကွက်နဲ့  ဘေး ၂ ကွက်၊ ရှေ့နှစ်တည့်တည့် ၂ ကွက်၊ ရှေ့တည့်တည့် ၂ ကွက်ရဲ့ ဘေး ၂ ကွက်စီဖြစ်ပါတယ်။

တရုတ်ရိုးရာစစ်တုရင်ရဲ့ စကားရုပ်တွေနဲ့ ကစားရုပ်တွေရဲ့စွမ်းရည်က နိုင်ငံတကာ စစ်တုရင်ကစားနည်းတွေထဲက ကစားရုပ်တွေနဲ့ ဆင်ပေမဲ့ မတူညီတာတွေလည်းရှိပါတယ်။ အထူးသဖြင့် အလယ်မှာ ရန်သူ့ဘက်ကဖြစ်စေ၊ မိမိဘက်ကဖြစ်စေ ကစားရုပ်တခုရှိနေမှ စားလို့ရတဲ့ အမြောက်ကစားရုပ်ရဲ့ စွမ်းရည်ဟာ တော်တော်လေးထူးခြားပါတယ်။ တရုတ်တို့ရဲ့ ကွက်ကျော်မြင်တတ်မှုနဲ့ မဟာဗျူဟာမြောက်စီမံတတ်မှုကို ထင်ဟပ်နေစေတဲ့ ထူးခြား တဲ့ကစားရုပ်တခုပါ။

တရုတ်ရိုးရာစစ်တုရင်ကို အကြမ်းဖျင်းလေ့လာကြည့်ရင် တရုတ်တို့ရဲ့ စိတ်ရှည်သည်းခံနိုင်မှုနဲ့ မဟာဗျူဟာမြောက် အကွက်ချစီမံနိုင်မှုတွေကို ထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်။ ကစားပွဲရဲ့ ရာခိုင်နှုန်းအများစုဟာ မိမိကိုယ်ကိုယ်အင်အားတည်ဆောက်နေတာ၊ တဖက်ရန်သူရဲ့ ဟာကွက် ပျော့ကွက်တွေပေါ်လာစေဖို့ ဆွပေးတာမျိုးတွေနဲ့အချိန်ကုန်လေ့ရှိတာပါ။ အဆင်သင့် မဖြစ်သေးဘဲ မြစ်ကိုကျော်၊ ကိုယ့်နယ်မြေကနေထွက်ပြီး တိုက်ခဲပါတယ်။

ဒါပေမဲ့ တဖက်ဖက်ကထိုးစစ်စပြီဆိုတာနဲ့ တခြားတကဖက်က ခုခံဖို့အခွင့်အလမ်း‌ မသာတော့ များတာကို တွေ့ရပါတယ်။ တရုတ်စစ်တုရင်မှာ ထိုးစစ်ဟာ အဆုံးအဖြတ်ရယူဖို့ ပွဲသိမ်းလှုပ်ရှားမှု ဖြစ်လေ့ရှိပါတယ်။ မရေရာတဲ့ အင်အားဖြုန်းထိုးစစ်တွေမလုပ်ပါဘူး။ မိမိကိုယ်ကိုယ် လုံလောက်တဲ့ ကစားကွက် အင်အားဖြည့်တင်း၊ ရန်သူကိုအင်အားချိနဲ့စေပြီး ပိုင်ပြီဆိုမှ အတင်း၀င်ထိုးစစ်ဆင်ပြီး တဖက်ဘုရင်ကို နန်းချလေ့ရှိတဲ့ ကစားပွဲမျိုးပါ။

သိပ်စိတ်၀င်စားစရာကောင်းတဲ့ မဟာဗျူဟာမြောက် ကစားနည်းပါပဲ။ စိတ်ရှည်ရတယ်။ အကွက်မြင်ရတယ်။ စည်းစနစ်ကျမှ အောင်ပွဲရတယ်။ လူမျိုးတမျိုးရဲ့ ရိုးရားကစားနည်းဆိုတာ တရုတ်လူမျိုးရဲ့ ပင်ကိုယ်စိတ်နေစိတ်ထားနဲ့ အကျင့်စရိုက်တွေကနေ ပေါက်ဖွားလာတာပါ။

တရုတ်တို့ရဲ့ နောက်ကွယ်ကလက်ရာမကင်းဘူးလို့ ဆိုကြတဲ့ မြန်မာပြည်အရှေ့မြောက်ဖျားက ၁၀၂၇ စစ်ဆင်ရေးနဲ့  ၂၀၂၆ ခုနှစ်မတ်လလယ်မှ ဖြစ်နေတဲ့ ကိုးကန့်နဲ့ တအာင်းတို့ရဲ့ ပဋိပက္ခမှာ လည်း တရုတ်ရိုးရာစစ်တုရင်ကစားနည်းထဲက ဗျူဟာတွေလွှမ်းမိုးနေပါတယ်။

အထင်ရှားဆုံးကတော့ စနစ်တကျကြိုတင်ပြင်ဆင်ပြီး ထိုးစစ်ဆင်တဲ့ဗျူဟာပါပဲ။ ထိုးစစ်စတာနဲ့ အောင်နိုင်သူအဖြစ် အဆုံးအဖြတ်ပေးနိုင်နေဝာာမျိုးပါ။

မရေရာတဲ့ ယောင်ဝါးဝါး စစ်ဆင်ရေးတွေမလုပ်ဖူး။ တလှိုင်းပြီးတလှိုင်းတွေ၊ နှစ်လှိုင်းပြီး သုံးလှိုင်းတွေ ကြိုတင်ပြီးကြွယ်မပြဘူး။ ဘယ်လိုညှိနှိုင်းပြင်ဆင်နေပါပြီ။ ဘယ်လို ထိုးစစ်ကြီးတွေ လာပါတော့မယ်ဆိုတာတွေလည်း ကြိုမထုတ်ပြန်ပါဘူး။ သူတို့ထိုးစစ် စတော့ နိုင်ဖို့သေချာနေပြီ။ အောင်ပွဲကို အဆုံးအဖြတ်ပေးလိုက်ပြီးပြီ။ အဲလိုတိုက်ပါတယ်။

၁၉၄၉ ခုနှစ် တရုတ်ပြည်တွင်းစစ်မှာ တရုတ်ကွန်မြူနစ်တွေ အနိုင်ရရှိမှုနဲ့ ၂၀၀၀ ပြည့်နှစ်တွေကနေစတဲ့ တရုတ်ပြည်ရဲ့ တိုးတက်ထွန်းကားလာမှုတွေမှာ ရှန့်ချီဖန်ပေါ်က သူတို့ရဲ့ ရိုးရာဗျူဟာ‌တွေဟာ အများကြီးအထောက်ပံ့ပြုခဲ့ပုံပါ။ 

တရုတ်တို့ရဲ့ ကမ္ဘာ့အရေးအခင်းတွေအပေါ် ကိုင်တွယ်နေပုံကလည်း ပုံစံတူပါပဲ။ အလကားရတဲ့ အချိန်ကို စနစ်တကျအသုံးချပြီး သူတို့ရဲ့ တိုးတက်ရာတိုးတက်ကြောင်းနဲ့ အင်အားကို ခိုင်မြဲအောင် စဉ်ဆက်မပြတ် တည်ဆောက်နေပါတယ်။ အနာဂတ်ကိုလည်း စနစ်တကျ ကြိုတင်တွက်ချက်ထား ကြပါတယ်။ ကျယ်၀န်းတဲ့မြေနေရာ၊ များလှတဲ့လူမျိုးတွေကိုစုစည်းပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ် တရုတ်တို့ တက်လှမ်းခဲ့တဲ့လမ်းက လွယ်လှသည်တော့မဟုတ်ပါဘူး။ သူတို့ရဲ့ လက်တွေ့ အသုံး၀င်တဲ့ ဉာဏ်အမျှော်အမြင်တွေကြောင့်သာ ခုလိုအခြေအနေမျိုး တည်ဆောက်ထား နိုင်တာပါ။

ခုခေတ်မှာတော့ မြန်မာလိုနိုင်ငံဆိုတာ တရုတ်တို့အတွက် လှန်လိုလှန် မှောက်လို မှောက်အနေအထားပါ။ ဒါ‌တွေကို ကျနော်တို့ မြန်မာပြည်သူတွေ ကောင်းကောင်း သတိထားမိသင့်ပါတယ်။ လေ့လာသင်ယူရင်း အသုံးကျတဲ့နည်းလမ်းတွေကို ကိုယ့်အတွက် အသုံးချဖို့ ပြင်ဆင်သင့်ပါတယ်။

အများကြီးသတိ၀င်ရမှာက တရုတ်ဟာလည်း ဆက်လက်ကြီးထွားလာဖို့ရှိနေပြီး သူတို့ လျှောက်နေတဲ့လမ်းက သူတို့ပြည်အတွက်ကောင်းပေမဲ့ မြန်မာပြည်သူအများစုရဲ့စရိုက်နဲ့ မကိုက်ညီသလို မြန်မာပြည်သူအများစုတန်ဖိုးထားတဲ့ စနစ်တွေတော့ မဟုတ်ပါဘူး။ ဒါကြောင့် လက်ရှိမှာပဲဖြစ်ဖြစ်၊ အနာဂတ်မှာပဲဖြစ်ဖြစ် တရုတ်နဲ့ မြန်မာပြည်သူတွေဟာ ထိပ်တိုက်တိုးကြ ရနိုင်ပါတယ်။

ကျနော်တို့ မြန်မာပြည်သူတွေအဖို့ တရားမျှတမှု၊ လွတ်လပ်မှု၊ ဒီမိုကရေစီစနစ်တွေကို ထိန်းသိမ်းပြီး ကမ္ဘာကြီးပေါ်မှာ ဆက်လက်ရှင်သန်နိုင်ဖို့ဆိုရင် ဉာဏ်အမျှော်အမြင်ရှိရှိ ရေရှည် မျှော်တွေးပြင်ဆင်ထားနဲ့ မဟာဗျူဟာမြောက်နည်းလမ်းတွေကို စနစ်တကျ အကောင်အထည်ဖော်တတ်တဲ့ အကျင့်ကောင်းတွေ အများကြီး လေ့ကျင့်မွေးမြူထားနိုင်မှ တော်ပါမယ်။

စစ်အာဏာရှင်စနစ်ပြုတ်ကျရေးမှသည် ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ နိုင်ငံသစ် တည်ထောင်ရေးအထိ ကျနော်တို့ မြန်မာပြည်သူတွေဟာ စနစ်တကျကြိုတင်ပြင်ထားတဲ့ လမ်းကြောင်းပေါ်မှာ သေချာလျှောက်လှမ်းနိုင်ဖို့ ကြိုးစားကြရမှာပါ။

တော်လှန်ရေးဦးဆောင်အဖွဲ့တွေချည်းမဟုတ်ပဲ လွတ်လပ်မှုနဲ့ မျှတတဲ့လူများစုအုပ်ချုပ်ရေးကို လိုချင်တဲ့ မြန်မာတိုင်းရင်းသားပြည်သူတိုင်းက အရာရာကိုကြိုတင်မျှော်တွေးပြီး လိုချင်တဲ့ ပန်းတိုင်ဆီကို သေချာအတူတကွပူးပေါင်း လျှောက်လှမ်းကြရမှာပါ။ 

စစ်ဆင်ရေးတွေနဲပတ်သက်ပြီး ငါးပွက်ရာငါးစာချသလိုလုပ်တာမျိုးတွေက အဖိနှိပ်ခံပြည်သူလူထုကို စစ်ပန်းစေပြီး တိုက်ခိုက်ရေးတပ်ဖွဲ့တွေရဲ့ ကိုယ်ခံအားနဲ့ တိုက်စွမ်းရည်ကို ဖြုန်းတီးသလို ဖြစ်စေပါတယ်။ နွေဦးတော်လှန်ရေးရဲ့ ဦးဆောင်သူတွေအနေနဲ့လည်း ၅ နှစ်တန်သည်၊ ၁၀ နှစ်တန်သည် ရှေ့ရေးကိုမျှော်တွေးစီမံပြီး စီမံကိန်းများ၊ ဗျူဟာများ စနစ်တကျချမှတ် အကောင်အထည်ဖော်ရင်း လိုအပ်တဲ့ အဆုံးအဖြတ် ထိုးစစ်ကြီးတွေ ဆင်နွှဲနိုင်အောင် ကြိုးစားပေးကြဖို့ ကောင်းပါတယ်။

ဒါမှသာ ကျနော်တို့ မြန်မာတွေဟာ လွတ်လပ်တဲ့လူမျိုးတွေအဖြစ် အနာဂတ်ကမ္ဘာ့အလယ်မှာ ရှင်သန်ရပ်တည်နိုင်မှာဖြစ်ပြီး အေးချမ်းကြွယ်၀တဲ့ နိုင်ငံသစ်ကို ဆက်လက်တည်ထောင်နိုင်မှာ ဖြစ်ပါကြောင်း။

ညိုသူ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013