
မြန်မာ့ပြောင်းဆန်တွေကို ပြည်ပ ၁၀ နိုင်ငံကို တင်ပို့ ရောင်းချနိုင်ခဲ့ပေမဲ့ လက်ရှိမှာတော့ ပြည်ပ ၃ နိုင်ငံသို့သာ တင်ပို့နေရပြီး ထိုင်းနိုင်ငံဈေးကွက်ကို အဓိကမှီခိုနေရကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးအေးချမ်းအောင်ကပြောပါတယ်။
ပထမအကြိမ် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးမှာ ပြောကြားလိုက်တာလို့ UMFCCI ရဲ့ အောက်တိုဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါ အစည်းအဝေးမှာ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးအေးချမ်းအောင်က ပြောင်းလုပ်ငန်းကဏ္ဍနဲ့ ပတ်သက်ပြီး ပြောကြားရာမှာ အရင်နှစ်တွေက မြန်မာနိုင်ငံရဲ့ ပြောင်းဆန် ထွက်ရှိမှုသည် တန်ချိန် ၃ သန်းကျော် ရှိခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ပြောင်းစိုက်ပျိုးထုတ်လုပ်မှု လျော့ကျခဲ့ပြီး လက်ရှိအချိန်မှာတော့ တန်ချိန် ၂ သန်းခွဲကျော်သာ ထွက်ရှိတာပါလို့ ဆိုပါတယ်။
အရင်က ပြောင်းဆန် တန်ချိန် ၃ သန်းကျော် ထွက်ရှိချိန်မှာ ပြည်တွင်းသုံးစွဲမှု တန်ချိန် ၁ သန်းလောက် ရှိပြီး ပြည်ပသို့ တန်ချိန် ၂ သန်းလောက် တင်ပို့နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
လက်ရှိ ဈေးကွက်အခြေအနေအရ ၃ နိုင်ငံကိုသာ တင်ပို့နေရပြီး ထိုင်းဈေးကွက်ကိုသာ အဓိက မှီခိုနေရကြောင်း ဦးအေးချမ်းအောင်က ဆိုပါတယ်။
ပြောင်းကို ရှမ်းမြောက်ဒေသမှာ အဓိကအများဆုံး စိုက်ပျိုးထုတ်လုပ်ပြီး စစ်ကိုင်းနဲ့ ဧရာ၀တီတိုင်းဒေသမှာလည်း စိုက်ပျိုးမှု ရှိပါတယ်။
ပြောင်းဟာ ပြည်တွင်းမွေးမြူရေးကဏ္ဍနဲ့ အစာစက်ရုံတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ကုန်ကြမ်း ဖြစ်ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစီးပွားရေးအခြေအနေဆိုးရွားပြီး ပြည်ပပို့ကုန် ကျဆင်းနေတာ ဖြစ်ပါတယ်။










