
မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အာဏာရှင်အစိုးရရဲ့ ရက်ပေါင်း ၁၀၀ အတွင်း ပြည်သူတွေအတွက် သိသာထင်ရှားပြီး ပိုမိုကောင်းမွန်တဲ့ အပြောင်းအလဲတွေ၊ ငြိမ်းချမ်းရေးအတွက် အောင်မြင်မှုတွေ ဘာတခုမှ လုပ်ဆောင်ခဲ့တာ မတွေ့ရဘူးလို့ နိုင်ငံရေး၊ စီးပွားရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အတုအယောင်ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ လွှတ်တော်ကတဆင့် သမ္မတအဖြစ် တင်မြှောက်ပြီးနောက် ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်မှာ ပြုလုပ်တဲ့ စစ်အာဏာရှင် အစိုးရအဖွဲ့အစည်းအဝေးကစလို ဇူလိုင် ၃၁ ရက်အထိ အစိုးရသစ်ရဲ့ ရက် ၁၀၀ လုပ်ဆောင်မဲ့ အစီအစဉ်တွေဆိုပြီး ကတိကဝတ်ပြု ပြောကြားခဲ့တာပါ။
ရက်ပေါင်း ၁၀၀ အတွင်း လုပ်ဆောင်သွားမဲ့ အစီအစဉ်တွေထဲမှာ စိုက်ပျိုးရေးနဲ့ ဘဏ္ဍာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ပို့ကုန်၊ ဆက်သွယ်ရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေး၊ ပညာရေးနဲ့ ကျန်းမာရေး အပြင် ငြိမ်းချမ်းရေးကိစ္စတွေကိုပါ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ပါဝင်ပါတယ်။
ဒါပေမဲ့ စစ်အာဏာရှင်ရဲ့ လက်အောက်ခံ မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ ကြည့်မယ်ဆိုရင် ပြင်ဦးလွင်က အနီးစခန်းလေဆိပ်ကို ဖွင့်လှစ်ပြနိုင်တာကလွဲလို ကျန်တဲ့ ကတိကဝတ်တွေဘက်မှာ သိသာတဲ့ အပြောင်းအလဲတွေကို မတွေ့ရပါဘူး။
သူ ပြောခဲ့တဲ့ ပိုကုန်တိုးမြှင့်ဖို့ သိုလှောင်ရုံတွေ တည်ဆောက်ပေးမယ်ဆိုတဲ့ကိစ္စက အခုထက်ထိ ဘာမှခြေလှမ်းမစနိုင်သေးသလို ဆက်သွယ်ရေးဘက်မှာလည်း မိုဘိုင်းစခန်းအသစ် ၂၇ ခု တိုးပေးမယ်၊ ၉ ခုကို 4G LTE မြှင့်တင်ပေးမယ်ဆိုတဲ့ဟာတွေကလည်း ရေရေရာရာ ဘာမှမပြနိုင်သေးပါဘူး။
ကျန်းမာရေးဘက်မှာ ဆိုရင်လည်း မြို့နယ် ၅၀ မှာ ဒုတိယကျန်းမာရေးဦးစီးမှူးတွေ ခန့်အပ်မယ်၊ တရုတ်နိုင်ငံနဲ့ပူးပေါင်းပြီး လူနာတသိန်းအတွက် နှလုံးရောဂါအန္တရာယ် အကဲဖြတ် စစ်ဆေးပေးမယ် ဆိုတဲ့ အစီအစဉ်တွေဟာ လက်တွေ့မှာ သတင်းတွေထဲ လုံးဝမတွေ့ရသေးပါဘူး။
ဒါတွေအားလုံးကို ကြည့်ခြင်းအားဖြင့် သူ ချမှတ်ထားတဲ့ ရက် ၁၀၀ စီမံကိန်းဟာ လက်တွေ့မှာ မအောင်မြင်ဘဲ ဖြစ်နေတယ်ဆိုတာကို အထင်အရှား ပြသနေတာပဲ ဖြစ်ပါတယ်။
တခြားတဖက်မှာတော့ ရန်ကုန်နဲ့ မန္တလေး အပါအဝင် မြို့ကြီးတွေမှာ အခြေခံလူတန်းစား ပြည်သူတွေဖြစ်တဲ့ လမ်းဘေးဈေးသည်တွေဟာ ရှင်းလင်းဖယ်ရှားမှုနဲ့အတူ စားဝတ်နေရေး ခက်ခဲကျပ်တည်း ဆင်းရဲမွဲတေမှု ပိုတိုးသွားခဲ့ပါတယ်။
နေ့စဉ်ဝင်ငွေရှိတဲ့ လမ်းဘေးဈေးသည်တွေနဲ့ အဲဒီဈေးသည်တွေဆီကနေ ဝယ်ယူစားသောက်နေကြတဲ့ ငွေကြေးစီးဆင်းမှုကြီးပါ ရပ်တန့်သွားခဲ့ရပါတယ်။
အဆိုးရွားဆုံးကတော့ ပို့ကုန်၊ သွင်းကုန်ကို အတင်းအကျပ် စိစစ်ကန့်သတ်လိုက်တာကြောင့် စက်သုံးဆီနဲ့ စားအုန်းဆီတွေဟာ ရက် ၁၀၀ မပြည့်မီမှာတင် ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာခဲ့ပါတယ်။
အထင်ရှားဆုံးကတော့ ရက် ၁၀၀ အစပိုင်းမှာ တလုံးကို ကျပ် ၄၅၀ ဝန်းကျင်သာ ရှိခဲ့တဲ့ ကြက်ဥဈေးဟာ ကျပ် ၇၀၀ ဝန်းကျင်အထိ ခုန်တက်သွားခဲ့ပြီး အသားငါးနဲ့ ဟင်းသီးဟင်းရွက် အပါအဝင် ကျန်တဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေပါ တရှိန်ထိုး လိုက်ပါမြင့်တက်ကုန် ပါတယ်။
“ရက် ၁၀၀ မှာ အထူးခြားဆုံးက ကြက်ဥဈေးပဲ” လို့ အိမ်ရှင်မ တယောက်က လက်ရှိအခြေအနေကို ညည်းတွားပြောပါတယ်။
ဒါ့အပြင် နိုင်ငံခြားငွေ ချွေတာမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ တိရစ္ဆာန်အစာနဲ့ ဆေးဝါးကအစ လူသုံးကုန်အဆုံး နိုင်ငံခြားငွေသုံးငွေတွေကို တင်းကျပ်ကန့်သတ်ခဲ့တာအပြင်၊ လုံခြုံရေး အကြောင်းပြချက်တနဲ့ ဘားတွေ၊ ကလပ်တွေ စတဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကို ပိတ်ဆို့ကန့်သတ်ခဲ့ကြပါတယ်။
ပြည်ပက တင်သွင်းလာတဲ့ အဓိကကုန်ပစ္စည်းတွေကို တင်းတင်းကျပ်ကျပ် ကန့်သတ်လိုက်တာကြောင့် မြို့ပြတွေထဲက စူပါမတ်ကတ်၊ မီနီမတ်ကတ်နဲ့ စတိုးဆိုင်တွေမှာ နိုင်ငံခြားသွင်းကုန်တွေ ရှားပါးပြတ်လပ်သွားပြီး ပြည်တွင်းထုတ်ကုန်တွေနဲ့သာ ပြည့်နှက်လာခဲ့ပြီး ရက် ၁၀၀ ကာလအတွင်းမှာ ပြည်သူတွေရဲ့ လူနေမှုဘဝကို ပိုပြီး ကျပ်တည်းလာစေခဲ့ပါတယ်။
ဒါ့အပြင် စစ်အာဏာရှင် မင်းအောင်လှိုင် ပထမဦးဆုံး ကတိပြုပြောကြားသွားခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့လည်း သိသာထင်ရှားတဲ့ ရလဒ် တစုံတရာ ထွက်မလာဘဲ နေ့စဉ် အရပ်သားပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာ၊ မြေပြင်မှာ စစ်ကြောင်းထိုး ရွာမီးရှို့ လူသတ်တာတွေသာ အရှိန်တိုးမြှင့်လုပ်ဆောင်နေပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ရော PDF အဖွဲ့တွေနဲ့ပါ ဇူလိုင် ၃၁ ရက်မတိုင်ခင်မှာ တွေ့ဆုံဆွေးနွေးမယ်လို့ ပြောထားပေမဲ့ အပစ်ရပ် သဘောတူထားပြီးသား တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ တွေ့ဆုံခဲ့တာသာ ရှိပါတယ်။
ငြိမ်းချမ်းရေးလေ့လာအကဲခတ်သူ တယောက်က “တအောင်းအဖွဲ့တဖွဲ့ လာတယ်။ လာတာကလည်း တရုတ်ကြောင့်ပေါ့။ ကိုးကန့်အဖွဲ့နဲ့ ‘ဝ’ အဖွဲ့တို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့ကို နေပြည်တော်က တရုတ်ဖိအားနဲ့ အခုတော့ အတင်းတိုးလုပ်နေတယ်လို ကြားတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်က တရုတ်သံအမတ်ကြီး မာကျားနဲ့ စစ်တပ်အကြီးအကဲ ရဲဝင်းဦး တို့ တွေ့ကြတယ်။ အဲဒီမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေနွေးနိုင်ဖို့ တရုတ်ရဲ့ ကူညီမှုကို တောင်းခံခဲ့တာ ရှိတယ်။ ဒါပေမဲ့ ရက် ၁၀၀ အတွင်းက အဆင်ပြေနိုင်ဖို့ ခက်ခဲလိမ့်မယ်။ တွေ့လည်း အတွေ့သဘောလောက်ပဲ ရှိလိမ့်မယ်။ ဒီတော့ ရက် ၁၀၀ ငြိမ်းချမ်းရေးဟာ သိသာတဲ့ရလဒ် မထွက်ခဲ့ဘူး’’လို့ မှတ်ချက်ပြုပါတယ်။
စစ်အာဏာရှင်အစိုးရရဲ့ ရက်ပေါင်း ၁၀၀ အတွင်းမှာ ပြည်သူလူထုတွေရဲ့ လူမှုစီးပွားဘဝတွေ တိုးတက်အောင်မြင်အောင် ဘာတခုမှ လုပ်နိုင်ခဲတာ မရှိသလို ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးလည်း ပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရမှုတွေ တနေ့ထက်တနေ့ ပိုများလာတာကလွဲလို့ ထူးထူးခြားခြား အောင်မြင်မှု ရလဒ်တွေ တစုံတရာပေါ်ထွက်လာတာ မတွေ့ရဘူးလို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။










