Home မြန်မာသတင်း ထိုင်း အလူမီနီယံစက်ရုံ မီးလောင်မှု၌ မြန်မာအလုပ်သမား ၁ ဦး စုဆောင်းထားသမျှ ရွှေ ငွေများ မီးထဲပါ ဆုံးရှုံး
ထိုင်း အလူမီနီယံစက်ရုံ မီးလောင်မှု၌ မြန်မာအလုပ်သမား ၁ ဦး စုဆောင်းထားသမျှ ရွှေ ငွေများ မီးထဲပါ ဆုံးရှုံး
Photo: Khaosod News
ထိုင်းနိုင်ငံ အလူမီနီယံစက်ရုံမီးလောင်မှုမှာ မြန်မာအလုပ်သမားတယောက်ရဲ့ တသက်လုံး စုဆောင်းထားသမျှ ရွေနဲ့ ငွေသားတွေအကုန် မီးထဲပါပြီး ဆုံးရှုံးခဲ့ရတဲ့အကြောင်း Khaosod English သတင်းမှာ ဖော်ပြပါတယ်။ အဆိုပါ မီးလောင်ကျွမ်းမှုဟာ မေ ၂၀ ရက်မနက် ၁၀ နာရီလောက်က ဆမွတ်စာခွန်းခရိုင် ကရထုံဘန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မြန်မာအလုပ်သမားဟာ သူအလုပ်လုပ်ကိုင်တဲ့ စားပွဲမှာပဲ ရွှေနဲ့ ငွေတွေကို သိမ်းထားခဲ့တာလို့ ဆိုပါတယ်။ စက်ရုံမှာ မီးလောင်နေကြောင်း ကရထုံဘန်ရဲစခန်းဆီ သတင်းပို့ချက်အရ မီးငြှိမ်းသတ်ဖို့အတွက် အုပ်ချုပ်ရေးအဖွဲ့နဲ့ အနီးနား စည်ပင်တွေက မီးသတ်ကား ၁၀ စီးထက်မက လာရောက်ကူညီခဲ့ကြရတာ ဖြစ်ပါတယ်။ သံချောင်းတွေ၊ အလူမီနီယံပြားတွေနဲ့ အော်ဒါမှာတဲ့ အလူမီနီယံပုံသွင်းလုပ်ငန်းတွေ လုပ်တဲ့ အဲဒီစက်ရုံဟာ မြေဧရိယာ ၁၀ ရိုင် (စတုရန်းမီတာ ၁၆,၀၀၀) ကျော် ကျယ်ဝန်းပြီး ကုန်လှောင်ရုံ ၄ လုံး ရှိတာပါ။ မီးက စက်ရုံဝင်းအနောက်ဘက်က ၄ လုံးမြောက် ကုန်လှောင်ရုံမှာ စတင်လောင် ကျွမ်းခဲ့တာဖြစ်ပြီး အဲဒီနေရာဟာ အလူမီနီယံပြားတွေကို ပြုပြင်ပုံသွင်းတဲ့ ၁ ရိုင် ကျော်ကျယ်တဲ့ နေရာဖြစ်တယ်လို့ ဆိုပါတယ်။ ပြင်းထန်တဲ့ အပူရှိန်ကြောင့် အမိုးတချို့နဲ့ အဆောက်အအုံရဲ့ ဘောင်တွေ ပြိုကျခဲ့ပြီး စက်ပစ္စည်းတွေနဲ့ ထုတ်လုပ်ရေးကိရိယာတွေ ပျက်စီးသွားခဲ့ပေမဲ့ ထိခိုက်ဒဏ် ရာရသူ၊ သေဆုံးသူတော့ မရှိခဲ့ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။ စက်ရုံက မြန်မာအလုပ်သမားခေါင်းဆောင်ကတော့ သူ့စားပွဲအံဆွဲထဲက အိတ်ထဲမှာ ထည့်ထားတဲ့ ဘတ်ငွေ ၂ သိန်းနဲ့ ရွှေ ၁၀ ဘတ် (မြန်မာအလေးချိန် ၉ ကျပ်သားကျော်၊ ၁၅၂ ဂရမ်နီးပါး) ကို ရှာခွင့်ရဖို့ ပျက်စီးသွားတဲ့ ကုန်လှောင်ရုံထဲ ပေးဝင်ပါလို့ မီးသတ်သမားတွေကို အသနားခံ တောင်းဆိုခဲ့ပေမဲ့ အဲဒီငွေနဲ့ ရွှေတွေကို ဘာမှပြန်မဆယ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။ လက်ရှိမှာတော့ ခရိုင်အုပ်ချုပ်ရေးမှူးက မီးလောင်ထားတဲ့ ကုန်လှောင်ရုံကို ပိတ်ထားဖို့နဲ့ နောက်ထပ် အကြောင်းမပြန်မချင်း အများပြည်သူ မဝင်ရတဲ့ အန္တရာယ်ရှိဇုန်အဖြစ် သတ်မှတ်ဖို့ အမိန့်ပေးထားသလို မီးလောင်ရတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ မှုခင်းသိပ္ပံဌာနက ကျွမ်းကျင်သူတွေ၊ တခြားသက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းစုံစမ်းစစ်ဆေးကြဖို့ ဒေသခံအာဏာပိုင်တွေကို ညွှန်ကြားထားပါတယ်။