
အမေရိကန်နဲ့ အီရန်တို့ဟာ မေ ၄ ရက်မှာ ဟော်မုဇ်ရေလက်ကြား ထိန်းချုပ်နိုင်ရေးအတွက် အပြန်အလှန် တိုက်ခိုက်မှုတွေ ပြန်လုပ်လာပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပိတ်မိနေတဲ့ သင်္ဘောတွေ ရေလက်ကြားကနေ ဖြတ်သန်း နိုင်ဖို့ "Project Freedom" အမည်ရှိ စီမံကိန်းကို စတင်ခဲ့ပါတယ်။
အမေရိကန်က အီရန် စစ်တပ်သုံး fast boat စက်လှေ ၇ စင်းကို ဖျက်ဆီးခဲ့ပြီး အီရန်ပစ်ခတ်မှုကြောင့် UAE က ရေနံဆိပ်ကမ်းမှာ မီးလောင်ခဲ့ပါတယ်။
ဟော်မုဇ်ရေလက်ကြားမှာရှိတဲ့ UAE နဲ့ တောင်ကိုရီးယား သင်္ဘောတွေလည်း မီးလောင်ခဲ့ပါတယ်။ ထရမ့်ပ်က “ကျုပ်တို့ စက်လှေ ၇ စင်းကို ပစ်ချခဲ့ပါတယ်။ ဒါက သူတို့ဆီမှ ကျန်သမျှ အကုန်ပဲ” လို့ ပြောပါတယ်။
အီရန်ကတော့ ဒီအချက်ကို ငြင်းပယ်ခဲ့ပြီး ကုန်တင်သင်္ဘောငယ် ၂ စင်း ပစ်မှတ်ထားခံရကာ အရပ်သား ၅ ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်စစ်တပ် အစောင့်အရှောက်နဲ့ Maersk ကုန်တင်သင်္ဘောတစင်းကတော့ ရေလက်ကြား ကနေ ဘေးကင်းကင်းထွက်ခွာနိုင်ခဲ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာရဂ်ျချီက နိုင်ငံရေးအကျပ်အတည်းကို စစ်ရေးနဲ့ ဖြေရှင်းလို့ မရကြောင်း ပြောပါတယ်။
သူက “Project Freedom ဟာ Project Deadlock (အကျပ်အတည်းစီမံကိန်း) ပါပဲ” လို့ တုံ့ပြန် ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် ရေနံစိမ်းဈေးနှုန်းဟာ တစည်ကို ၁၁၅ ဒေါ်လာအထိ မြင့်တက် သွားပါတယ်။
Source:Reuters











