ထိုင်းတောင်ပိုင်းခရိုင်တွေမှာ အကြမ်းဖက်ဗုံးဖောက်ခွဲမှုတွေ ဆက်တိုက်ဖြစ်ပွားနေတာမှာ ဩဂုတ် ၂၄ ရက် မနေ့ညကလည်း ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။
မနေ့ည ၈ နာရီလောက်က ပတ္တနီခရိုင်၊ မားယောမြို့၊ တာပဲ့ရပ်ကွက်ရှိ ၂၄ နာရီဖွင့်တဲ့ 7-Eleven ကုန်စုံဆိုင် ဗုံးခွဲခံရတာလို့ ချန်နယ်လ် ၃ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
လူအင်အား ၈ ယောက်ကနေ ၁၀ ယောက်လောက်ရှိတဲ့ မျက်နှာဖုံးစွပ် သေနတ်သမားတွေဟာ 7-Eleven ဆိုင်ရှေ့ ရောက်လာပြီး သေနတ်ကို မိုးပေါ်ထောင်ပစ်ကာ ဆိုင်ထဲရှိလူတွေ အကုန်အပြင်ထွက်ခိုင်းခဲ့တယ်။ ဒိနောက် သူတို့ဟာ ဆိုင်ထဲဝင်သွားပြီး ဆိုင်ရဲ့အလယ်ခေါင်မှာ တစုံတရာ ထားခဲ့တယ်၊ သူတို့ပြန်ထွက်လာတာနဲ့ ကျယ်လောင်တဲ့ပေါက်ကွဲသံ ကြားရပြီး မီးလောင်မှု ဖြစ်ခဲ့တာလို့ ဒေသခံတွေက သတင်းထောက်ကို ပြောပါတယ်။
သေနတ်သမားတွေ ထွက်ပြေးစဉ် ဆိုင်ရှိရာကို ပြေးလာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက် တိုးမိကာ အပြန်အလှန် ပစ်ခတ်မှုရှိပြီး သေနတ်သမားတွေ ထွက်ပြေးလွတ်မြောက်သွားတယ်၊ သံသယရှိတဲ့ လူငယ် ၂ ယောက်ကိုတော့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
အဲဒီအချိန်နဲ့ မရှေးမနှောင်းမှာဘဲ မားယောမြို့ လားငါးရပ်ကွက်ရှိ ထိုင်းစစ်တပ် လုံခြုံရေးကင်းစခန်း တခုပါ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခံရတယ်၊ မနေ့က ဖြစ်စဉ်မှာတော့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေညက ထိုင်းတောင်ပိုင်း ပတ္တနီ၊ ယာ့လား၊ နာရာသီဝပ်နဲ့ ဆုန်ခလာ စတဲ့ ခရိုင် ၄ ခုအတွင်း နေရာပေါင်း ၁၀၈ နေရာမှာ အကြမ်းဖက်ပစ်ခတ် ဗုံးဖောက်ခွဲမှု ဖြစ်စဉ်ပေါင်း ၇၅ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ထိုင်းတောင်ပိုင်းနယ်စပ်ခရိုင် စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့၊ စီမံအုပ်ချုပ်ရေး ဗဟိုဌာနနဲ့ ပြည်တွင်းလုံခြုံရေးကောင်စီ (ရှေ့တန်း) တို့ ၃ ဖွဲ့ပေါင်းပြီး ဩဂုတ် ၂၄ ရက်က သတင်းစာရှင်းလင်း ထုတ်ပြန်ပါတယ်။
အဆိုပါ အကြမ်းဖက်မှုတွေမှာ မီးရှို့မှု ၂၅ ကြိမ်၊ ဗုံးဖောက်ခွဲမှုအကြိမ် ၃၀၊ နှောင့်ယှက်ဖျက်ဆီးမှု အကြိမ် ၂၀ ပါဝင်တယ်။ ဒီဖြစ်စဉ်တွေကနေ ထိခိုက်ဒဏ်ရာရသူ အမျိုးသား ၆ ယောက်၊ အမျိုးသမီး ၅ ယောက် စုစုပေါင်း ၁၁ ယောက် ရှိခဲ့ပြီး အဆောက်အအုံ ၁၇ ခု၊ မော်တော်ကား အစီး ၄၀၊ လျှပ်စစ်ဓာတ်မီးတိုင် ၃၂ တိုင်၊ တယ်လီဖုန်းတာဝါတိုင်နဲ့ စီစီတီဗီကင်မရာ ၄ လုံး ပျက်စီးခဲ့တယ်။
ဒီအကြမ်းဖက်မှုမှာ ထိခိုက်မှုဆုံးရှုံးမှု ရှိခဲ့ရတဲ့ ပြည်သူတွေကို ပြည်လည်ကူညီထောက်ပံ့ဖို့ ကော်မတီတရပ် ဖွဲ့စည်းထားပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးတွေ ဆောင်ရွက်နေသလို ၂၄ နာရီ ဆက်သွယ် အကူအညီတောင်းနိုင်တယ်။
တဘက်ကလည်း အကြမ်းဖက်မှု ကျူးလွန်သူတွေကို ဥပဒေအရ အရေးယူနိုင်ဖို့ စုံစမ်း ထောက်လှမ်း ဖမ်းဆီးမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူတွေက ပြောသွားပါတယ်။
Source: H7 / CH3 / MGROnline











