
စပိန်နိုင်ငံ လတ်စ်ဟားဒက်စ်ဒေသမှာ ဖြစ်ပွားနေတဲ့ တောမီး ကူးစက်မပြန့်ပွားအောင် တားဆီးဖို့ စပိန်စစ်ဘက်ဆိုင်ရာ မီးသတ်သမားတွေဟာ ဩဂုတ် ၂၀ ရက်က စယ်ရယ်ဇာလ်မြို့မှာ ထိန်းချုပ်မီးရှို့တဲ့စနစ်သုံး တောမီးကာကွယ်ရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့ကြပါတယ်။
ထိန်းချုပ်မီးရှို့တဲ့ စနစ်သုံး တောမီး ကာကွယ်ရေးလုပ်ငန်းစဉ်ဟာ ရာသီဥတုကို စောင့်ကြည့်ပြီးတော့ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနဲ့ အပူချိန်တို့ကို သေချာတွက်ချက်ကာ လောင်စာ ဖြတ်တောက်တာနဲ့ မီးတားလမ်း ဖန်တီးတာစတဲ့ နည်းလမ်းတွေနဲ့ စနစ်တကျ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။
ဒီနည်းလမ်းဟာ အထိန်းအကွပ်မရှိ လောင်ကျွမ်းမဲ့တောမီးကြီးတွေကို တားဆီးဖို့ စပိန်အပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားမှာ သုံးလေ့ရှိတဲ့ နည်းပညာရပ်ဆိုင်ရာ မီးသတ်နည်းလမ်းတခု ဖြစ်ပါတယ်။
လတ်စ်ဟားဒက်စ် တောမီးဟာ အက်စ်ထရာမာဒူရာ ဒေသမှာတော့ ဒီနှစ်အတွင်း အဆိုးရွားဆုံး တောမီးဖြစ်ပါတယ်။
တောမီးကြောင့် မြေဧက ၁၁,၈၀၀ ကျော် (ဟက်တာ ၄,၈၀၀) မီးလောင်ကျွမ်းခဲ့ပြီး ဒေသခံ ၈၀၀ နီးပါးကို ဘေးလွတ်ရာ ထွက်ခွာခိုင်းခဲ့ရပါတယ်။ တချို့ဒေသခံတွေကိုတော့ အိမ်ပြန်ခွင့် ပြုထား ပေမယ့် ကိုယ့်မြို့နယ်အတွင်းမှာပဲ ဆက်လက် ခိုလှုံနေကြရဦးမှာဖြစ်ပါတယ်။
မီးငြှိမ်းသတ်ဖို့အတွက် အာဏာပိုင်တွေက အရေးပေါ် ကူညီကယ်ဆယ်ရေးဝန်ထမ်း ၂၇၀ နဲ့ မီးသတ်လေယာဉ် ၂၄ စီးကို စေလွှတ်ထားသလို၊ ဘေးလွတ်ရာ ရွှေ့ပြောင်းရေးနဲ့ လုံခြုံရေးအတွက် စပိန်ပြည်သူ့ရဲတပ်ဖွဲ့ကိုလည်း တာဝန်ချထားပါတယ်။
Source:Reuters











