
ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံထားရတဲ့ မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ရှင်ဒေဝီ ဧပြီ ၁၇ ရက် နှစ်ဆန်း ၁ ရက်နေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ အင်းစိန်ထောင်ကနေ ပြန်လည် လွတ်မြောက်လာတယ်လို့ မိသားစုဝင်တွေရဲ့ အတည်ပြုချက်အရ သိရပါတယ်။
ရှင်ဒေဝီရဲ့ ခင်ပွန်း ကိုဦးက “ဟုတ်ကဲ့ အိမ်ရောက်ပါပြီ၊ မိသားစုတွေနဲ့ စကားပြောနေကြပါပြီ။ သူ ကျန်းကျန်းမာမာပါပဲခင်ဗျ” လို့ DVB ကို အတည်ပြုပါတယ်။
ရှင်ဒေဝီကို ၂၀၂၃ ခုနှစ် အောက်တိုဘာလထဲမှာ ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) နဲ့ ပုဒ်မ ၅၄(ဃ) တွေနဲ့ စွဲချက်တင်ကာ အင်းစိန်ထောင်တွင်း စစ်ခုံရုံးကနေ ထောင်ဒဏ်တသက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၂ ရက်၊ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးတုန်းကလည်း ရှင်ဒေဝီ ပြန်လည်လွတ်မြောက်လာကြောင်း သတင်းတွေ ထွက်ပေါ် ခဲ့ပေမဲ့ အခုတကြိမ်မှသာ အတည်ပြုနိုင်တာ ဖြစ်ပါတယ်။
မြန်မာနှစ်သစ်ကူးအထိမ်းအမှတ် စစ်အာဏာရှင်က အကျဉ်းသား ၄,၃၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတာမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်မှုနှုန်းက နည်းပါးနေသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်မှုကို စောင့်ကြည့်နေတဲ့ အဖွဲ့တွေဆီက သိရပါတယ်။
ဒီကနေ့ မနက် အင်းစိန်ထောင်ကနေ PDF ထောက်ပံ့မှုနဲ့ ၁၀ နှစ် ချမှတ်ခံရတဲ့ ဖူးမြတ်ဝင်း ၄ နှစ်ပြည့်ခါနီး ပြန်လွတ်မြောက်လာပါတယ်။
ပုသိမ်အကျဉ်းထောင်ကနေလည်း နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ဒေါက်တာတင်မင်းထွဋ်၊ ကိုဇော်မိုးထိုက်၊ ဦးသိန်းလွင်၊ ဦးဝင်းကျော်၊ ကိုဝင်းမင်းထွန်းတို့ ၅ ယောက် ပြန်လွတ်လာပါတယ်။
သာယာဝတီထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၄ ယောက်၊ မုံရွာထောင်က ၁၃ ယောက်၊ ပေါင်းတည်ထောင်က ၄ ယောက်၊ ဒိုက်ဦးထောင်က နိုင်ငံရေးအကျဉ်းသား ၅ ယောက် လွတ်မြောက်လာတယ်လို့ ကနဦး သတင်းရရှိပါတယ်။
ဝေဝေ










