ထိုင်ဝမ်စစ်တပ်ဟာ မြို့တော်ဒေသ ကာကွယ်ရေးကို အားကောင်းစေဖို့ ရည်ရွယ်ပြီး စစ်ကြောင်းပိတ်ဆို့ နှောင့်ယှက်မှု စစ်ဆင်ရေးတွေကို လေ့ကျင့်ဖို့ နယူးတိုင်ပေမြို့နဲ့ တိုင်ပေမြို့ကို ဆက်သွယ်ထားတဲ့ တံတားပေါ်မှာ သြဂုတ် ၁၂ ရက်က လေ့ကျင့်ခဲ့ပါတယ်။
ဒီလေ့ကျင့်ခန်းတွေဟာ နှစ်ပတ်လည် ဟန်ကွမ်း စစ်ရေးလေ့ကျင့်မှုတွေအတွင်း ကျွန်းရဲ့မြို့တော်ကို ဝင်လို့မရအောင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်ဖွဲ့ကို တားဆီးရေး ကြိုးပမ်းပုံကို အသွင်ယူ တုပထားပါတယ်။
ထိုင်ဝမ်စစ်သားတွေက ကွမ်းဖူ တံတားဆီ ဦးတည်တဲ့ လမ်းတွေပေါ်မှာ သတ္တုအတားအဆီးတွေ၊ သံဆူးကြိုးအတားအဆီးတွေနဲ့ ကွန်ကရစ်ဂျာစီ အတားအဆီးတွေကို တည်ဆောက်ခဲ့ပြီး ဘတ်စ်ကားတွေကိုလည်း ယာယီလမ်း အတားအဆီးတွေအဖြစ် သုံးခဲ့ပါတယ်။
လေ့ကျင့်ခန်းမှာ မီးခိုးဘူးတွေနဲ့ မီးတောက်တွေကို စစ်ပွဲကာလအခြေအနေတွေကို ဖန်တီးဖို့ သုံးထားပြီး တိုက်ခိုက်ရေး၊ ဆေးဘက်ဆိုင်ရာ အကူအညီပေးရေးအတွက် အသွင်ယူ ကြိုးပမ်းခဲ့ပါတယ်။
ထိုင်ဝမ်ရဲ့ ပြည်တွင်းထုတ် Clouded Leopard သံချပ်ကာယာဉ်တွေလည်း ပါဝင်လေ့ကျင့်ခဲ့ပြီး ရန်သူကို ပစ်ခတ်ပုံကို အသွင်ယူ လေ့ကျင့်ခဲ့ပါတယ်။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်တဲ့ ထိုင်ဝမ်ကို တရုတ်က သူ့ပိုင်နက်အဖြစ် ကြေညာထားပါတယ်။ နှစ်စဉ်ကျင်းပနေကျ ဟန်ကွမ်း စစ်ရေးလေ့ကျင့်ခန်းကို ပြီးခဲ့တဲ့အပတ်က စတင်ခဲ့ပြီး တရုတ်က ကျွန်းကို အင်အားသုံး သိမ်းပိုက်ဖို့ ခြိမ်းခြောက်မှု အခြေအနေအမျိုးမျိုးကို အသွင်ယူ တုပ လေ့ကျင့်ခဲ့ကြပါတယ်။
Source: Reuters











