
အီရန်နိုင်ငံဟာ မြေပြင်ထိုးစစ်တခု ဖြစ်လာရင် အမေရိကန်နဲ့ အစ္စရေးတပ်ဖွဲ့တွေကို ရင်ဆိုင်တိုက်ခိုက်နိုင်ဖို့ နိုင်ငံသားတွေကို ပြင်ဆင်ပေးမဲ့ ရည်ရွယ်ချက်နဲ့ စစ်ရေးလေ့ကျင့်ရေးစခန်းတခုကို တီဟီရန်မြို့တော်မှာ အောက်တိုဘာ ၃ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က လုပ်ခဲ့တဲ့ အမေရိကန်-အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် ၇ လကြာ ပဋိပက္ခတွေ ဖြစ်နေတာပါ။
ဧပြီ ၈ ရက်နေ့ကရခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကြောင့် ရက်ပေါင်း ၄၀ ကြာ စစ်ပွဲရပ်သွားပေမဲ့ တိုက်ခိုက်မှုတွေ တခါတရံ ဆက်ဖြစ်နေဆဲပါ။
အမေရိကန်ပြည်ထောင်စုက စစ်ရေးထိုးစစ်ကြီးတွေ ပြန်စလာခဲ့ရင် ပိုကျယ်ပြန့် ပြင်းထန်တဲ့ တုံ့ပြန်မှုမျိုးလုပ်ဖို့ အီရန်ဘက်က ပြင်ဆင်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
တချိန်တည်းမှာ သံတမန်ရေးရာ ကြိုးပမ်းချက်တွေကိုလည်း ဆက်လုပ်နေပေမဲ့ အောင်မြင်နိုင်ခြေနည်းပါးတယ်လို့လည်း အီရန်အရာရှိတွေက သီးသန့်အမြင်ရှိနေကြပါတယ်။
ဟဖ်အီတီအာရာရင်ပြင်က စခန်းသစ်ဟာ အိုင်မန်ဟူစိန်ရင်ပြင်က ပထမဆုံးစခန်း တခုပြီးတဲ့နောက် ထပ်ဖွင့်တာဖြစ်ပြီး လာမဲ့သီတင်းပတ်တွေအတွင်း အရပ်သားတွေကို လေ့ကျင့်သင်ကြားပေးဖို့ ရည်ရွယ်ထားပါတယ်။
စခန်းအတွင်း ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေမှာ စစ်တပ်အဖွဲ့ဝင်တွေက ရန်သူမမြင်နိုင်အောင် အရောင်ခြယ်ထားတဲ့ လေယာဉ်ပစ်လက်နက်ကိရိယာတွေနဲ့ လေ့ကျင့်ခန်း လုပ်တာ၊ အတားအဆီးတွေကို ကျော်ဖြတ်တာနဲ့ လက်နက်ကိုင်ဆောင်မှုလေ့ကျင့်ဖို့ Virtual Reality (VR) နည်းပညာသုံး ခေါင်းဆောင်းကိရိယာတွေကို သုံးတာတွေကို တွေ့မြင်ရပါတယ်။
လေ့ကျင့်ရေးအတွက် တပ်ရင်း ပေါင်း ၁,၀၀၀ကို ပြင်ဆင်ထားပြီးပြီလို့ ဘာဆစ်ဂျ်အဖွဲ့အစည်းရဲ့ လေ့ကျင့်ရေးဆိုင်ရာ ဒုတိယအကြီးအကဲ အလီကိုဆာရီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကိုဆာရီက လူ့အဖွဲ့အစည်းအတွင်း အရပ်သား ကာကွယ်ရေးရဲ့ အရေးပါမှုကို အလေးပေးပြောခဲ့ပြီး ရန်သူဘက်ကနေ "နောက်ထပ် မှားယွင်းတွက်ချက်မှု" တခု လုပ်လာခဲ့ရင် အီရန်ပြည်သူတွေက ဘယ်လို တိုက်ခိုက်မှုအသစ်ကိုမဆို စည်းလုံးညီညွတ်မှုရှိရှိ ရင်ဆိုင်သွားမယ်လို့ ပြောခဲ့ပါတယ်။
နယူးယောက်မြို့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ အီရန်နိုင်ငံက ကာတာနိုင်ငံရဲ့ ကြားဝင်စေ့စပ်သူတွေေကတဆင့် အမေရိကန်အစိုးရဆီ အဆိုပြုချက်တခု ပေးပို့ခဲ့ပါတယ်။
အဆိုပြုချက်ကို လက်ခံရင် ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်နိုင်ပြီး ဒေသတွင်း ပဋိပက္ခတွေကို ၇ ရက်အတွင်း ရပ်တန့်စေ နိုင်မှာပါ။
တိုက်ခိုက်မှုတွေ ရပ်စဲရေး၊ အီရန်ဆိပ်ကမ်းတွေအပေါ် အမေရိကန်က ချမှတ်ထားတဲ့ ပိတ်ဆို့မှုများ ရုပ်သိမ်းရေး၊ အီရန်ငွေပမာဏ အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံထက်မနည်း ပြန်ထုတ်ယူခွင့်ရရှိရေးနဲ့ ရေနံဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေကနေ ကင်းလွတ်ခွင့် ရရှိရေးတို့ကို အီရန်အာဏာပိုင်တွေက အဆိုပြုချက်ထဲမှာ ထည့်သွင်းတောင်းဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အဲဒီအဆိုပြုချက်ကို ပယ်ချခဲ့တယ်လို့ ပြောပါတယ်။
Source: Reuters










