
ယူကရိန်းမှာ ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိပြီးတဲ့အခါကျရင် နိုင်ငံစုံတပ်ဖွဲ့ စေလွှတ်နိုင်ဖို့ ဗြိတိန်နဲ့ ပြင်သစ် ဦးဆောင်တဲ့ စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာ ၉ ရက်ကနေ ၂၂ ရက်အထိ ပိုလန်နိုင်ငံမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
Koalicja လို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုမှာ ဗြိတိန်တပ်ဖွဲ့ဝင် ၃၀၀ အပါအဝင် ဥရောပ ၁၁ နိုင်ငံက စစ်သည် ၂,၈၀၀ ခန့် ပါဝင်မှာ ဖြစ်ပါတယ်။
ဒီလေ့ကျင့်မှုမှာ တပ်ဖွဲ့ဝင်တွေကို ရွှေ့ပြောင်းတာ၊ လုံခြုံရေးပေးတာ၊ ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့တာအပြင် နိုင်ငံစုံတပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိုလည်း လေ့ကျင့်မှာပါ။
ဗြိတိန်က Typhoon တိုက်လေယာဉ်တွေလည်း ပါဝင်မှာဖြစ်ပြီး တူရကီကတော့ ပင်လယ်နက်မှာ မိုင်းရှင်းလင်းရေးနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်နိုင်ရေးအတွက် ရေကြောင်းလေ့ကျင့်မှုကို ဦးဆောင်မှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်ပွဲရပ်စဲပြီးတဲ့အခါကျရင် ယူကရိန်းရဲ့ လုံခြုံရေးကို အာမခံချက်ပေးဖို့နဲ့ ယူကရိန်းတပ်ဖွဲ့တွေကို ပြန်လည်အားဖြည့်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
ဒါပေမဲ့ စေလွှတ်မဲ့တပ်ဖွဲ့တွေဟာ ရှေ့တန်းတိုက်ပွဲတွေမှာ ပါဝင်မှာမဟုတ်သလို ငြိမ်းချမ်းရေးထိန်းသိမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေး တာဝန်တွေကိုလည်း ထမ်းဆောင်မှာ မဟုတ်ဘူးလို့ အနောက်နိုင်ငံအရာရှိတွေက ပြောပါတယ်။
ဒီတပ်ဖွဲ့တွေဟာ NATO ရဲ့ ကွပ်ကဲမှုအောက်မှာလည်း ရှိမှာမဟုတ်ဘဲ အမေရိကန်က ဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့ပေမဲ့ တပ်ဖွဲ့ဝင်တွေ စေလွှတ်မှာ မဟုတ်ပါဘူး။
ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဝက်စ်စထရီးတင်းကတော့ “ဒါဟာ စိတ်ကူးယဉ်အစီအစဉ် မဟုတ်ပါဘူး၊ တိုက်ပွဲတွေ ရပ်သွားတာနဲ့ ယူကရိန်းကို ကူညီဖို့ အသင့်ရှိနေတဲ့ တကယ့်တပ်ဖွဲ့ပါ” လို့ ပြောပါတယ်။
ယူကရိန်းမှာ နိုင်ငံခြားတပ်ဖွဲ့တွေ တပ်စွဲလာရင် တရားဝင်တိုက်ခိုက်နိုင်တဲ့ ပစ်မှတ်တွေအဖြစ် သတ်မှတ်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကတော့ အရင်က သတိပေးထားပါတယ်။
လက်ရှိမှာ ယူကရိန်းကို စေလွှတ်မဲ့ တပ်ဖွဲ့အင်အားနဲ့ တာဝန်အသေးစိတ်တွေ မသတ်မှတ်ရသေးသလို ရုရှားဘက်ကလည်း စစ်ပွဲရပ်စဲဖို့ လက္ခဏာ မပြသေးပါဘူး။
Source: Reuters











