DVB Logo
Home
မြန်မာသတင်း
ရခိုင်က သက်ကြီးအိုရွယ်များ လူသားစာနာမှုဆိုင်ရာ အကျပ်အတည်း ပိုမိုခံစားလာရ
DVB
·
September 22, 2026
Photo: APM
Photo: APM
Donate to DVB

ရခိုင်ပြည်နယ်မှာ စစ်ရေးနဲ့ ခေတ်ပြောင်းခေတ်လဲတွေ စတင်ဖြစ်ပွားလာမှုနဲ့အတူ စစ်အာဏာရှင် တပ်ရဲ့ ကုန်းလမ်းရေလမ်း ကန့်သတ်မှုတွေကြောင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေ ပိုမိုရင်ဆိုင်ခံစားလာနေကြရပြီး အဲဒီအထဲမှာ သက်ကြီးအိုရွယ်တွေက အဓိက ခံစားရသူတွေ ဖြစ်လာတယ်လို့ အာရက္ခလေ့လာရေးစင်တာ (CAS)ရဲ့  စက်တင်ဘာ ၁၈ ရက်ထုတ် သုတေသနစာစောင်မှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲကာလ ၂ နှစ်နဲ့ ၁၀ လကြာမျှ ကြာမြင့်လာမှုနဲ့အတူ အာရက္ခတပ်တော်က မြို့နယ် ၁၅ မြို့နယ်အထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်အာဏာရှင်တပ်က စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တို့ကို ဆက်လက်ထိန်းချုပ်ထားကာ ရခိုင်စစ်ပွဲ အဆုံးသတ်နိုင်ရေးဟာလည်း ခန့်မှန်ရခက်နေပါတယ်။

စစ်ရေးပဋိပက္ခတွေနဲ့ စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်ကို ကုန်လမ်း၊ ရေလမ်းက ကုန်စည် ပို့ဆောင်ရေးနဲ့ ခရီးသွားလာမှုကို ကန့်သတ်ခဲ့ပြီးနောက် သာမန်ပြည်သူတွေအပေါ် အချိုးမညီတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ဆိုးရွားစွာဖြစ်ပေါ်စေပြီး အဲဒီအထဲ သက်ကြီးအိုရွယ်တွေဟာ အဓိက ထိခိုက်ခံစားရသူတွေဖြစ်လာတယ်လို့ သုတေသန စာစောင်က ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်က သက်ကြီးအိုရွယ်တွေဟာ စစ်ပွဲတွေကြောင့် အသက်အန္တရာယ် ဆုံးရှုံးတာ၊ ကိုယ်လက်အင်္ဂါထိခိုက်ဒဏ်ရာရရှိစေတာ၊ နေအိမ်တွေကနေ ထွက်ပြေးတိမ်းရှောင်စေရတာ၊ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးတာ၊ ကျန်းမာရေး စောင်ရှောက်မှုနဲ့ ဆေးဝါးပြတ်လပ်စေတာအပြင် ပြည်ပရောက် သားသမီးတွေနဲ့ အဆက်သွယ်ပြတ်တောက်ပြီး ဝင်ငွေဆုံးရှုံးနေကာ စားဝက်နေရေး ကျပ်တည်းမှု ဒဏ်တွေကို တပြိုင်နက်တည်း ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလထုတ် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ချက် အစီအစဉ်မှာ သက်ကြီးအိုရွယ်တွေဟာ အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်နေသူ ၁၂ ရာခိုင်နှုန်း ရှိတယ်လို့ ဖော်ပြထားပြီး ရခိုင်ပြည်နယ်အတွက် သီးသန့်ဖော်ပြထားတာ မရှိပေမဲ့ ရခိုင်ပြည်နယ်က သက်ကြီးအိုရွယ်တွေဟာ အခုအချိန်မှာ ပိုမိုခက်ခဲလာနိုင်တယ်လို့ CAS က ပြောပါတယ်။

ရခိုင်ပြည်နယ်က သက်ကြီးအိုရွယ်တွေဟာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုစတဲ့ တိုက်ပွဲတွေကနေ တိမ်းရှောင်ရမှာဖြစ်စေ၊ ရာသီဥတုဒဏ်ကို ခုခံရာမှာဖြစ်စေ သက်ကြီးအိုရွယ်တွေလို ခုခံအားကျဆင်းနေသူတွေအတွက် အချိုးမညီစွာပင် သက်ရောက်မှု ရှိနေတယ်လို့ သုတေသန စာစောင်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က သက်ကြီးအိုရွယ်တွေအတွက် ဒုက္ခသည်အကျပ်အတည်းမှာ လူမှုရေးနဲ့ စီမံအုပ်ချုပ်မှုဆိုင်ရာ အခြေအနေတွေနဲ့ တိုက်ရိုက်ချိတ်ဆက်နေပြီး အိုစာမင်းစာ ပစ္စည်း စုဆောင်းခြင်း မရှိသူတွေဟာ သားသမီး ဆွေမျိုးတွေ(သို့မဟုတ်) အစိုးရရဲ့ အကူအညီ အားထားကြရပေမဲ့ လက်ရှိမှာ သားသမီး ဆွေမျိုးတွေရဲ့ စောင့်ရှောက်မှု မရှိသူတွေဟာ အစိုးရရဲ့ ကူညီမှုတွေ မရရှိ နိုင်တာကြောင့် ရွေးချယ်စရာ မရှိသလောက် ဖြစ်လာတယ်လို့ ဆိုပါတယ်။

အခုလို စစ်ပွဲနဲ့ ခေတ်ပြောင်းခေတ်လဲကြားမှာ သက်ကြီးအိုရွယ်တွေဟာ ဘဝရဲ့ နောက်ဆုံးအချိန်တွေကို မမျှော်မှန်းလောက်အောင် ခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေကြရပြီး၊ သက်ဆိုင်ရာအစိုးရ အာဏာပိုင်တွေဘက်ကလည်း အရေးတကြီး ကူညီထောက်ပံ့ပေးမှုတွေ ပြုလုပ်ပေးဖို့ လိုအပ်တယ်လို့ သုတေသန စာစောင်က အကြံပြုတိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက မြို့သိမ်းတိုက်ပွဲတွေနဲ့အတူ မြို့နယ် ၁၆ ခုက လူဦးရေ ၈ သိန်းကျော်လောက်ဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတာဖြစ်ပြီး အဲဒီလို နေရပ်စွန့်ခွာ သူတွေအထဲ မိသားစု ကျောထောက်နောက်ခံမရှိတဲ့ သက်ကြီးအိုရွယ်တွေလည်း အများအပြား ပါဝင်နေကြပါတယ်။

လက်ရှိ စစ်ရေးအကျပ်အတည်းနဲ့အတူ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုနဲ့ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုတွေကြောင့် မိသားစု ကျောထောက်နောက်ခံမရှိတဲ့ သက်ကြီးအိုရွယ်တွေဟာ အငတ်ဘေးရဲ့ ရင်ဆိုင်နေကြရတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင် အမျိုးသား လူငယ်တယောက်က ပြောပါတယ်။

“ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေမှာ သားသမီး အမှီအခို မရှိကြတဲ့ စစ်ရှောင် သက်ကြီးပိုင်းတွေလည်း အများအပြားရှိကြတယ်။ ကူညီထောက်ပံ့မှုတွေကလည်း ရခိုင်က စစ်ရှောင်စခန်းတွေမှာ လစဉ် ပုံမှန် မရှိဘူး။ ဒီလို မရှိတော့ သက်ကြီးပိုင်းတွေအပေါ် ရိုက်ခတ်မှုက အတော်လည်းကို ကြီးမားမှုရှိတယ်။ အလုပ်လည်း မလုပ်နိုင်တော့ဘူး။ ကုန်ဈေးတွေက တအားကြီး တော့ တချို့ သက်ကြီးပိုင်းတွေဆို အလှူခံပြီး စားနေကြရသူတွေ အများကြီးပဲ။”

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးရုံး (HDCO) ရဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင် ၇ သိန်း ဝန်းကျင်ရှိပြီး လက်ရှိ စစ်အာဏာရှင်တပ်ရဲ့ ၄၉၂၆ စစ်ဆင်ရေးနဲ့အတူ ထပ်မံ နေရပ်စွန့်ခွာ နေရသူလည်း သောင်းနဲ့ချီ ရှိလာနေတယ်လို့ ဒေသခံ ကူညီပေးနေသူတွေဆီကနေ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013