
ရခိုင်ပြည်နယ်မှာ သွေးလိုအပ်ချက်ရှိတဲ့ အရေးပေါ်လူနာတွေအတွက် သွေးရှာဖွေရတာ ပိုခက်ခဲလာ တယ်လို့ မြို့နယ်အလိုက် သွေးအလှူရှင် အသင်းတွေဆီကနေ သိရပါတယ်။
အရေးပေါ်သွေးလိုအပ်ချက်ရှိတဲ့ လူနာတွေအတွက် သွေးရှာဖွေရပိုခက်ခဲလာပြီး ကုန်ကျစရိတ် လည်း များလာတယ်လို့ ရမ်းဗြဲမြို့နယ်က ကျန်းမာရေးဝန်ထမ်းတယောက်က ပြောပါတယ်။
"အရင်နဲ့စာရင်ရှာရ ပိုခက်လာပါတယ်။ အရင်ကလည်းခက်တာပါပဲ။ ခုပိုခက်လာတယ်ပေါ့။ ရှာရခက်တော့ ခရီးစရိတ်ကအစ ပိုကြီးလာတယ်။ လူနာတွေအတွက် သွေးတပုလင်းအတွက် ကုန်ကျစရိတ်ကပိုများလာပါတယ်။”
အရင်က ရန်ပုံငွေ ကျပ် ၅,၀၀၀ လောက်သာပေးရတဲ့ သွေးတပုလင်းကုန်ကျစရိတ်ဟာ လက်ရှိမှာ ကျပ် ၁ သိန်းကျော်အထိမြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ရခိုင်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကနေစလို့ ဆက်သွယ်ရေးအခက်ခဲ၊ လူငယ်တွေပြည်ပထွက်ခွာမှု စတဲ့ အခြေအနေတွေကြောင့်ဒေသတွင်း အရေးပေါ် သွေးလိုအပ်ချက်ရှိသူတွေအတွက် သွေးရှာဖွေရတာ ပိုခက်ခဲလာတာဖြစ်ပါတယ်။
မြောက်ဦးမြို့နယ်က သွေးအလှူရှင်အသင်းမှာ ပါဝင်လုပ်ကိုင်ပေးနေသူ တယောက်က "အဓိကတော့ ဒေသမှာ လူငယ်တွေနည်းသွားတာကြောင့်ပါ။ သွေးလှူတယ်ဆိုတာကလည်း လူငယ်တွေပဲအဓိက လှူကြတာလေ။ ကျနော်တို့ဘက်မှာ ပြီးခဲ့တဲ့နှစ်တွေကဆို လူငယ် ၇၀၊ ၈၀ လောက်တော့ အလဲအလှယ်သွေးလှူပေးနိုင်တဲ့စာရင်းရှိခဲ့သေးတယ်။ ခုကျတော့ တချို့ရတဲ့လမ်းက ပြည်ပထွက် တာ။ စစ်မှုထမ်းပါတာတွေကြောင့် လူလည်း သိပ်မရှိတော့ပါဘူး”လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်က ဆေးရုံတွေမှာ သွေးလိုအပ်တဲ့လူနာတွေဟာ သွေးတပုလင်းအတွက် ခရီးစရိတ် ကျပ် ၃၀,၀၀၀ ကနေ ၅၀,၀၀၀ ၊ သွေးစစ်ဆေးခ ၄၀,၀၀၀ ၊ သွေးအလှူရှင်အတွက် အာဟာရဖိုး ၃၀,၀၀၀ နဲ့ သွေးအလှူရှင်အသင်းတွေအတွက် ရန်ပုံငွေစသဖြင့် စုစုပေါင်း သွေးတပုလင်း ကုန်ကျ စရိတ်ဟာ ကျပ် ၁ သိန်းကျော် ရှိပါတယ်။
ဒီကုန်ကျစရိတ်ဟာ သွေးအလှူရှင်အသင်းတွေဆီကနေတဆင့် သွေးရှာဖွေရင်ကုန်ကျတာဖြစ်ပြီး သွေးအလှူရှင်အသင်းတွေဆီက သွေးမရနိုင်ရင် ပြင်ပသွေးရောင်းသူတွေဆီကနေ ကျပ် ၁၅၀,၀၀၀ ကနေ ကျပ် ၁၆၀,၀၀၀ အထိဈေးပေးပြီးဝယ်ကြရတယ်လို့ ဆေးရုံတက်နေတဲ့ လူနာတွေဆီကနေ သိရပါတယ်။











