ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ အီဘိုလာရောဂါကြောင့် သေဆုံးသူဦးရေဟာ ဩဂုတ် ၁၁ ရက်မှာ ၂,၀၁၁ ယောက်အထိ ရောက်နေပြီလို့ ကျန်းမာရေးအရာရှိတွေက အတည်ပြုခဲ့ပြီး မှတ်တမ်းတင်ထားသမျှ အမြန်ဆုံးပျံ့နှံ့နေတဲ့ ကပ်ရောဂါအဖြစ် ဖော်ပြခဲ့ပါတယ်။
ကွန်ဂိုပြည်သူ့ကျန်းမာရေးဌာနကနေ နောက်ဆုံးရထားတဲ့ အချက်အလက်တွေကို ရိုက်တာသတင်းဌာနက ကြည့်ခွင့်ရခဲ့ပြီး ပြည်နယ် ၅ ခုမှာ အတည်ပြုလူနာ ၄,၃၈၁ ယောက် ရှိတယ်လို့ ကိုးကားဖော်ပြ ပါတယ်။
လူနာကို နောက်ကျမှ ရှာဖွေတွေ့ရှိမှုနဲ့ ပဋိပက္ခတွေကြောင့် ဗိုင်းရပ်စ်က အရင်ထက်ပိုပြီး မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားခဲ့တာပါ။
လက်ရှိဖြစ်နေတဲ့ ကွန်ဂိုရဲ့ ၁၇ ကြိမ်မြောက် အီဘိုလာကူးစက်မှုဟာ အတည်ပြုထားတဲ့ ကာကွယ်ဆေး ဒါမှမဟုတ် ကုသဆေးတွေ မရှိသေးတဲ့ ဘန်ဒီဘူဂီယို အီဘိုလာမျိုးကွဲကြောင့် ဖြစ်ပါတယ်။
အိမ်နီးချင်း ယူဂန်ဒါနိုင်ငံမှာပါ ကူးစက်စေတဲ့ ကပ်ရောဂါဖြစ်ပွားမှုကို နိုင်ငံတကာ စိုးရိမ်မှုရှိတဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့လက Science ဂျာနယ်မှာ ထုတ်ဝေခဲ့တဲ့ လေ့လာမှုတခုအရ အီတူရီပြည်နယ်မှာ ဇန်နဝါရီလ ဒါမှမဟုတ် အဲဒီထက်စောပြီး စတင်ကူးစက်ခဲ့ပြီး ဇန်နဝါရီလလယ်ကနေ မေ ၁၅ ရက်အတွင်း သံသယရှိသူ ၅၀၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဆေးဘက်ဆိုင်ရာပစ္စည်းတွေ ပြတ်လပ်မှု၊ ထိခိုက်ခံရတဲ့ ဒေသတွေမှာ မလုံခြုံမှုတွေကြောင့် ထိတွေ့မှုတွေကို ခြေရာခံဖို့၊ လူနာတွေကို သီးခြားခွဲထားဖို့နဲ့ ကူးစက်မှုထိန်းချုပ်ရေး ကြိုးပမ်းချက်တွေကို ရှုပ်ထွေးစေခဲ့ပါတယ်။
ကွန်ဂိုအစိုးရရဲ့ အချက်အလက်တွေအရ အနောက်အာဖရိကမှာ ၂၀၁၄ ကနေ ၂၀၁၆ ခုနှစ်အတွင်း အီဘိုလာရောဂါ ဖြစ်ပွားမှုက ပိုကြီးတာကို ပြသနေပါတယ်။
ဂီနီ၊ လိုက်ဘေးရီးယားနဲ့ ဆီယာရာလီယွန်နိုင်ငံတို့မှာ ကူးစက်ခံရသူ ၂၈,၆၁၆ ယောက်နဲ့ သေဆုံးသူ ၁၁,၃၁၀ ယောက် ရှိခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုထားပါတယ်။
၂၀၁၈ ကနေ ၂၀၂၀ ခုနှစ်အတွင်း ကွန်ဂိုမှာ အီဘိုလာရောဂါဖြစ်ပွားမှုမှာ သေဆုံးသူဦးရေ ၂,၀၀၀ အထိ ရောက်ဖို့ ၁၂ လကျော် ကြာခဲ့ပါတယ်။
လက်ရှိဖြစ်ပွားမှုမှာ သေဆုံးသူဦးရေက တလအတွင်း အယောက် ၁,၀၀၀ ကနေ ၂,၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ပြီး ဗိုင်းရပ်စ်က ဘယ်လောက်မြန်မြန် ပျံ့နှံ့နေလဲ ဆိုတာကို ပိုပေါ်လွင်စေခဲ့ပါတယ်။
Source: Reuters











