
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်နဲ့ မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်က ဓားပြတိုက်မှု ၄ ခုအထိ ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
ဇူလိုင် ၁ ရက် မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရွှေဘိုမြို့၊ အမှတ် ၅ ဆင်ရုံရပ်ကွက်မှာရှိတဲ့ 'တင်ကိုကို' ရွှေဆိုင် ဓားပြတိုက်ခံရမှုအပြင် ရွှေဘို-မန္တလေးလမ်းပေါ်က ဝက်လက်အစပ် ဘုန်းဘွဲ့ရွာနဲ့ စိုင်တန်ကြီးရွာကြားမှာ ခရီးသွားကားတစီး ဓားပြတိုက်ခံခဲ့ရပါတယ်။
ဒါ့အပြင် ရွှေဘို-မန္တလေး ကွင်းလမ်း၊ အောင်ချမ်းသာရွာတောင်ဘက် မူးဘောင်လမ်းမှာလည်း ဆိုင်ကယ် ၂ စီး ဓားပြတိုက်ခံခဲ့ရတာကြောင့် တရက်တည်းမှာတင် ဓားပြတိုက်မှု ၄ ခုအထိ ဖြစ်ပွားခဲ့တာပါ။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး မြို့ခံတယောက်က “တရက်တည်း ၄ ခု ဖြစ်တာပါ။ မြို့ထဲ ဆေးရုံတောင်ဘက်က ရွှေဆိုင်နဲ့ ဆန်၊ ပဲ အရောင်းအဝယ် တွဲဖွင့်ထားတဲ့ဆိုင်ကို ဆိုင်ကယ်တစီးနဲ့ လူငယ်နှစ်ယောက်က သေနတ်အတိုအတုနဲ့ ဝင်တိုက်တာပါ။ သေနတ်က ငွေမင်တွေ သုတ်ထားတော့ အတုကြီးမှန်း သိသာပါတယ်။ ဆိုင်ရှင်က အော်လို့ ရပ်ကွက်ကလူတွေနဲ့ အလုပ်သမားတွေ ဝိုင်းဖမ်းတာ မိသွားတယ်။ ဘာမှတော့ ပါမသွားပါဘူး။ ရပ်ကွက်က ဖမ်းပြီးမှ စစ်သားတွေ လာခေါ်သွားတာပါ” လို့ ပြောပါတယ်။
ဒါ့အပြင် မြို့တောင်ဘက် မန္တလေးလမ်းမှာ ဓားပြတိုက်တဲ့သူတွေကတော့ ဝက်လက်နယ်ကလို့ သိရပြီး မန္တလေးကွင်းလမ်း အောင်ချမ်းသာတောင်ဘက် မူးဘောင်မှာ သွားနေတဲ့ ဆိုင်ကယ်သမား ၂ ယောက်ကို အရင်တိုက်ပြီးမှ မန္တလေးလမ်းပေါ်က လာတဲ့ကားကို ထပ်တိုက်တာလို့ ဆိုပါတယ်။
အဲဒီနောက် ခရီးသွားတွေက ဒေသခံ ကာကွယ်ရေးအဖွဲ့တွေကို အကြောင်းကြားတာကြောင့် ရွှေဘိုဒေသ အဖွဲ့အစည်းက ဓားပြတွေကို ဖမ်းဆီးထားတယ်လို့လည်း မြို့ခံတယောက်က ပြောပါတယ်။
လတ်တလော ရွှေဘိုမြို့နယ် ကျေးရွာတွေကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပြီး မြို့အဝင်လမ်းတွေကို ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ကန့်သတ်ထားတယ်လို့ သိရပါတယ်။
တဖက်မှာလည်း စစ်တပ်ထိန်းချုပ်ထားတဲ့ ရွှေဘိုမြို့ပေါ်မှာတော့ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ် ၂ ဂိတ်ကနေ တင်းတင်းကျပ်ကျပ် စစ်ဆေးနေသလို မြို့တွင်းရပ်ကွက်တွေကို ည ၉ နာရီကနေ မနက် ၄ နာရီအထိ၊ မြို့အစွန်ရပ်ကွက်တွေနဲ့ တပ်စွဲထားတဲ့ ရွာတွေကိုတော့ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် နှစ်မျိုး ထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင်တပ်ဘက်က လှည့်ကင်း၊ ပတ်ကင်းတွေနဲ့ နေ့ညမပြတ် ထိန်းချုပ်ထားတယ်လို့ ဆိုပေမဲ့ မြို့အခြေအနေကတော့ ခိုးမှု၊ ဓားပြမှုနဲ့ လုယက်မှုတွေ နေ့စဉ်နီးပါး ဖြစ်ပွားနေတာလို့ မြို့ခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လအတွင်းကလည်း ချီပါစုရပ်ကွက်က အထည်ဆိုင်တဆိုင် ဓားပြတိုက်ခံရမှုနဲ့ အောင်ချမ်းသာရပ်ကွက်က မုဒိမ်းမှုတခု ဖြစ်ပွားခဲ့ပေမဲ့ စစ်အာဏာရှင်တပ်ဘက်က ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးဘူးလို့ မြို့ခံတွေကတဆင့် သိရပါတယ်။











