
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ပြီးခဲ့တဲ့ဇွန်လကစလို့ စစ်အာဏာရှင်တပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်တပ်ဘက်က လေကြောင်းနဲ့ လက်နက်ကြီးတွေအပြင် ဒရုန်းတွေကိုပါ အသုံးပြုတိုက်ခိုက်နေတာကြောင့် အရပ်သား ထိခိုက်မှုတွေ ရှိနေသလို သွားလာရေးခက်ခဲမှုကြောင့် ကုန်ဈေးနှုန်းမြင့်တက်တာနဲ့ပါရင်ဆိုင်နေရပါတယ်။
စစ်အာဏာရှင်တပ်တွေဟာ ရွှေကူမြို့နယ်ထဲမှာ နေ့တိုင်းလိုလို စစ်ကြောင်းထိုးဖို့ ကြိုးပမ်းနေတာကြောင့် တိုက်ပွဲတွေဟာ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေပါတယ်။
အထူးသဖြင့် ရွှေကူနဲ့ ငါးအိုးကြားဒေသမှာ တိုက်ပွဲအရှိန်မြင့်နေပြီး စစ်အာဏာရှင်တပ်ဘက်က မြေပြင်စစ်ကြောင်းတွေ ရှေ့တိုးမရတာကြောင့် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူတွေကို အလွန်အကျွံ အသုံးပြုလာတယ်လို့ သိရပါတယ်။
လတ်တလော စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “စစ်ရေးအခြေအနေကတော့ နေ့တိုင်း တိုက်ပွဲဖြစ်တဲ့နေရာ ဖြစ်နေပါတယ်။ ဟို ရွှေကူနဲ့ ငါးအိုးကြားထဲမှာ စစ်ကြောင်းတွေကတော့ ဒီ...ဗန်းမော်ဘက်ကို တက်ဖို့ကြိုးစားနေတဲ့ စစ်ကြောင်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက အဲဒီနေရာမှာ ခုခံပြီးတော့မှ ဖြတ်တိုက်ခိုက်နေတဲ့ တိုက်ပွဲဖြစ်ပါတယ်။ ဆိုတော့ ဇွန်လကတည်းကနေ အခု ၈ လပိုင်း လဆန်းပိုင်းအထိ နေ့တိုင်းလိုလိုပေါ့ တိုက်ပွဲတွေဖြစ်တဲ့ အနေအထား ရှိပါတယ်။ ဆိုတော့ သူတို့လည်း ရှေ့တိုးလို့မရလို့ လေကြောင်းတွေခေါ်ပြီးတော့ လေကြောင်းတိုက်ခိုက်တာတွေ ရှိတယ်။ အမြောက်ကြီးနဲ့ပစ်တာ၊ ဒရုန်းနဲ့ပစ်တာ၊ လက်နက်မျိုးစုံပေါ့ ပစ်တာ။ ဒါကြောင့် အဲဒီနေရာမှာတော့ တော်တော် ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ နေ့တိုင်းလို ဖြစ်ပါတယ်” လို့ ပြောပါတယ်။
တိုက်ပွဲအဓိကဖြစ်တဲ့နေရာတွေကတော့ ကိုင်ရွာ၊ တော်လှန်ရွာ၊ အထက်လေးလမ်းဆုံ၊ ရွှေဘုန်းမြင့်ရွာဝန်းကျင်တွေ ဖြစ်ပြီး ငါးအိုး-ရွှေကူလမ်းမကြီးကိုလည်း KIA က ဖြတ်တောက်ထားတာကြောင့် လမ်းတွေပေါ်မှာ တိုက်ပွဲဖြစ်လေ့ရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။
ဒီလို စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ကြားကပဲ မျဉ်းဖြောင့်အတိုင်း တိုင်းရင် ရွှေကူမြို့ကနေ ၃ မိုင်လောက်အကွာမှာရှိတဲ့ ရွှေဘုန်းမြင့်ရွာက စစ်အာဏာရှင်တပ် ခြေကုပ်စခန်းတစ်ခုကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။
တိုက်ပွဲတွေ မြို့နဲ့ နီးကပ်လာတာနဲ့အမျှ မြို့ပေါ်ဒေသခံတွေဟာလည်း စိုးရိမ်မှုတွေ ရှိနေသလို၊ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အရပ်သားထိခိုက်ဒဏ်ရာရမှုတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ ရွှေကူမြို့ခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“ရွှေကူမြို့ခံတွေကတော့ ဘယ်မှမသွားပါဘူး၊ ဒီတိုင်းပဲ သူ့အိမ်၊ ကိုယ့်အိမ်နေကြတာပါပဲ။ လမ်းတွေကတော့ ပိတ်ထားတယ်၊ ဘယ်မှသွားလို့မရဘူး။ မြို့တွင်းကတော့ ဘာမှမဖြစ်ဘူး ဒါပေမဲ့ မနေ့ကတော့ ဒီနားလေးက အုတ်ဖိုမှာ တလုံးကျတယ်လို့တော့ ပြောတာပဲ။ နွားကျောင်းနေတာတဲ့၊ နွားကျောင်းနေတဲ့ဆီမှာ၊ ဒဏ်ရာရတယ်တဲ့။ အသံကတော့ မြို့ပြင်မှာတော့ နေ့တိုင်းကြားရတယ်။ ဒါပေမဲ့ သူဟာသူနေ၊ ကိုယ့်ဟာကိုယ်နေ ဒီလိုလုပ်စားနေကြတာပါပဲ။ အဲဒီလမ်းတွေက ပိတ်ထားတာဆိုတော့ သွားရေးလာရေးတော့ နည်းနည်းတော့ ခက်ပါတယ်။ မုန့်ခြောက်တောင်မှ မနည်းဝယ်နေရတယ်၊ မရှိဘူး။ ပြတ်နေပြီ။ ဆန်းဒေး (ကော်ဖီအထုပ်ကြီး) တထုပ်တောင် ၂၇,၀၀၀ လောက် ပေးနေရတယ်။ ဆန်လည်း ဈေးတက်တယ်၊ ဆီလည်း ဈေးတက်တယ်၊ ဓာတ်ဆီတဘူးကို ၁၂,၀၀၀။”
လက်ရှိမှာတော့ ရွှေကူမြို့နယ်အတွင်း လမ်းမကြီးအချို့ကို စစ်အာဏာရှင်တပ်ဘက်က ပိတ်ထားသလို၊ ရေလမ်းခရီးမှာလည်း စစ်ဆေးမှုတွေ ရှိနေပါတယ်။ ရွှေလုပ်တဲ့သူတွေ သွားလာရေး အဆင်မပြေကြတော့သလို ဒေသခံအားလုံးနီးပါး စားဝတ်နေရေး ကျပ်တည်းနေကြတဲ့အထဲ နေ့စား လုပ်ကိုင်သူတွေကတော့ အခက်ခဲဆုံးဖြစ်လိမ့်မယ်လို့ ဒေသခံက ပြောပါတယ်။
ဒါအတူ မြို့ပြင်က တိုက်ပွဲသံတွေဟာကို နေ့စဉ်ကြားနေရပြီး ရှေ့ဆက် ဘာဖြစ်လာမလဲ ဆိုတဲ့ အခြေအနေကို ဒေသခံတွေက စိုးရိမ်တကြီး စောင့်ကြည့်နေကြပါတယ်။










