DVB Logo
Home
မြန်မာသတင်း
ဝမ်တိန်အထည်ချုပ်စက်ရုံမှ ထွက်ပြေးသည့် မြန်မာအလုပ်သမားအချို့ ရိုက်နှက်ခံရပြီး ရဲစခန်းတွင် ချုပ်နှောင်ခံရ
DVB
·
June 9, 2026
Photo: STUM
Photo: STUM
Donate to DVB

တရုတ်-မြန်မာနယ်စပ် ရွှေလီဒေသ ဝမ်တိန်ဘက်ရှိ အထည်ချုပ်စက်ရုံတခုကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ မြန်မာအလုပ်သမား ၃ ယောက် ရိုက်နှက်ခံရပြီး ရဲစခန်းမှာ ဆက်လက်ချုပ်နှောင်ခံ ထားရကြောင်း သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) က ထုတ်ပြန်ပါတယ်။

ဝမ်တိန်-မော်စီ (မန်မန်) စက်မှုဇုန်အနီးရှိ စိန်ချွန် (Ruining Xinjiang Garment) အထည်ချုပ်စက်ရုံမှာ လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ အချိန်ပိုကြေး မမှန်မကန် ပေးတာ၊ လုပ်အားခ အပြည့်မရတာ၊ နားရက်မရှိ အလုပ်ခိုင်းစေတာနဲ့ စားသောက်ရေး အဆင်မပြေတာတွေ ကြုံနေရတယ်လို့ STUM က ဇွန် ၇ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီစက်ရုံမှာ ကျွေးတဲ့ ထမင်းလည်း အဆင်မပြေသလို အချိန်ပို ဆင်းရတာလည်းမမှန်၊ လုပ်အားခ အပြည့် မပေးပဲ အိပ်ချိန်ထိတောင် အလုပ်လုပ်ရပြီး ပိတ်ရက်လည်း မရှိ အလုပ် အလကား လုပ်ပေးနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလို အခြေအနေတွေကြောင့် မခံမရပ်နိုင်ဖြစ်လာတဲ့ အလုပ်သမား ၃ ယောက်ဟာ မကြာသေးခင် ရက်ပိုင်းအတွင်း စက်ရုံကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ လမ်းခရီးမှာပဲ လုံခြုံရေးတွေက ဖမ်းဆီး ပြီး ခေါင်းတွေကွဲအောင် ရိုက်နှက်ခဲ့တဲ့အပြင် စက်ရုံ ရုံးခန်းထဲ ရောက်တဲ့ အချိန်မှာလည်း ထပ်မံ ရိုက်နှက်ခံရတယ်လို့ ဆိုပါတယ်။

နယ်စပ်ကုန်သည်တယောက်က “မြန်မာနိုင်ငံက အလုပ်သမားတွေကို ရိုက်နှက် ခေါင်းပုံဖြတ်တာက အမြဲတမ်းရှိတယ်။ နည်းနည်းကြာရင် ထပ်ဖြစ်ဖြစ်လာတယ်။ ဝမ်တိန်မှာ ဟုတ်တယ်၊ အဲဒီစက်ရုံ” လို့ DVB ကို ပြောပါတယ်။

စက်ရုံအတွင်း ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတာနဲ့ အလုပ်ဖိအားများတာကြောင့် မြန်မာ အမျိုးသမီး အလုပ်သမားတယောက် သေဆုံးခဲ့ဖူးပြီး အဲဒီဖြစ်စဉ်ကိုလည်း စက်ရုံဘက်က ဖုံးကွယ်ဖို့ ကြိုးစားခဲ့တယ်လို့ အဲဒီ စက်ရုံအလုပ်သမားတွေက စွပ်စွဲထားပါတယ်။

လက်ရှိမှာလည်း ထွက်ပြေးစဉ် ဒဏ်ရာရရှိခဲ့တဲ့ အလုပ်သမားတွေ အပါအဝင် စက်ရုံပိုင်ရှင်ရဲ့ တိုင်ကြားချက်ကြောင့် မြန်မာအလုပ်သမား ၅၀ ဝန်းကျင်ဟာ ရွှေလီရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရပြီး ပြည်တော်ပြန်ဖို့ စာရွက်စာတမ်းတွေ လုပ်ပြီးပေမဲ့ ပြန်မလွှတ်သေးဘူးလို့ ဖော်ပြ ထားပါတယ်။

အဲဒီစက်ရုံကနေ ထွက်လာနိုင်ခဲ့တဲ့ မြန်မာအလုပ်သမားအချို့ကတော့ နေရပ်ပြန်နိုင်ဖို့ မူဆယ်မြို့အနီး မှာ စောင့်ဆိုင်းနေရပြီး စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။

Ruining Xinjiang Garment (စိန်ချွန်) အထည်ချုပ်စက်ရုံအတွင်း မြန်မာအလုပ်သမားတွေအပေါ် အဓမ္မလုပ်အားခိုင်းစေမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူ တွေနဲ့ လူမှုကူညီရေးအဖွဲ့အစည်းတွေအနေနဲ့ အမြန်ဆုံးဝင်ရောက်ကူညီဆောင်ရွက်ပေးဖို့ အလုပ်သမားတွေနဲ့ မိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။

 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013