DVB Logo
Home
မြန်မာသတင်း
H&M အမှတ်တံဆိပ် အထည်ချုပ်သည့် Kings Rich စက်ရုံ ပိတ်သိမ်းမည်
DVB
·
May 15, 2026
H&M အမှတ်တံဆိပ် အထည်ချုပ်သည့် Kings Rich စက်ရုံ ပိတ်သိမ်းမည်
Donate to DVB

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာရှိတဲ့ H&M အမှတ်တံဆိပ် အထည်ချုပ်တဲ့ Kings Rich (Myanmar) ဖက်ရှင်စက်ရုံကို ဇွန်လကုန်မှာ ပိတ်သိမ်းမယ်လို့ လုပ်ငန်းရှင်က အသိပေး ထုတ်ပြန်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာဗျူဟာစီမံကိန်းနဲ့ ပြင်ပစျေးကွက်ပြောင်းလဲမှု ဖြစ်စဥ်တွေကို စိစစ်သုံးသပ်ပြီး ထုတ်ကုန်ထုတ်လုပ်တာ ရပ်နားဖို့ ဆုံးဖြတ်လိုက်တာလို့ Kings Rich စက်ရုံလုပ်ငန်းရှင်ရဲ့ အလုပ်သမားတွေကို အသိပေးထားတဲ့ နို့တစ်မှာ ဖော်ပြပါတယ်။

ရွှေပြည်သာမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Kings Rich စက်ရုံမှာ အလုပ်သမားထောင်ချီနဲ့ လည်ပတ်နေတာဖြစ်ပြီး ကမ္ဘာကျော်အမှတ်တံဆိပ်ဖြစ်တဲ့ H&M ထုတ်ကုန်အထည်ကို အော်ဒါယူချုပ်နေတာ ဖြစ်ပါတယ်။

H&M က မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားစွာ ဖြစ်ပေါ်နေတာကြောင့် လုပ်ငန်းအပ်နှံထုတ်လုပ်တာ ရပ်မယ်ဆိုပြီး ကြေညာထားတဲ့ ကမ္ဘာ့ထိပ်တန်း ကုန်အမှတ်တံဆိပ် ဖြစ်ပါတယ်။

ဆွီဒင်အခြေစိုက် ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်နဲ့ အဝတ်အထည်လုပ်ငန်းဖြစ်တဲ့ H&M က ဗြိတိန်လူ့အခွင့်အရေးအဖွဲ့ရဲ့ မြန်မာပြည်က လုပ်ငန်းခွင်တွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု ကြီးမားစွာဖြစ်ပေါ်နေတယ်ဆိုတဲ့ အစီရင်ခံစာ ထွက်လာခဲ့ပြီးနောက် သူတို့ရဲ့ ထုတ်ကုန်တွေ ထုတ်လုပ်နေတာ ရပ်နားမယ်လို့ ၂၀၂၃ သြဂုတ်လမှာ ထုတ်ပြန်ခဲ့ပါတယ်။

H&M ရဲ့ စံနှုန်းးနဲ့ ကိုက်ညီအောင် ထုတ်လုပ်ဖို့ စိန်ခေါ်မှုကြီးမားနေတာကြောင့် အလုပ်သမားအခွင့်အရေးကို အလေးထားတဲ့အနေနဲ့ မြန်မာနိုင်ငံကနေ သူတို့ရဲ့ထုတ်ကုန် အပ်နှံ ထုတ်လုပ်တာ ဖြည်းဖြည်းချင်း လျှော့ချကာ ရပ်နားဖို့ အသေချာစဥ်းစားပြီးမှ ဆုံးဖြတ်လိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီလိုကြေညာပြီး ၃ နှစ်အကြာမှာ H&M ဆီက အော်ဒါထပ်မရတော့တဲ့ Kings Rich အထည်ချုပ်စက်ရုံလည်း ပိတ်သိမ်းဖို့ဖြစ်လာခဲ့ပြီး နောက်ထပ်ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ ပြည်တွင်းအလုပ်သမားအခွင့်အရေး လှုပ်ရှားသူတယောက်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားလာတာကြောင့် H&M အပါအဝင် Inditex၊ Primark၊ Marks & Spencer စတဲ့ ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်တွေကလည်း လုပ်ငန်းအပ်နှံတာ ရပ်ဆိုင်းကြောင်း ကြေညာခဲ့ကြပါတယ်။

Kings Rich အထည်ချုပ်စက်ရုံအနေနဲ့ ပိတ်သိမ်းမှာကို တလကြိုအသိပေးထားတာဖြစ်ပြီး ဥပဒေပါ လုပ်သက်အလိုက် နစ်နာကြေး ပေးသွားမယ်လို့ အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013