
ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ Bontech အထည်ချုပ်စက်ရုံမှာ အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ပြီးနောက်ပိုင်း အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေကို စက်ရုံဘက်က အကြောင်းပြချက်အမျိုးမျိုးနဲ့ စံချိန်တင် အလုပ်ထုတ်နေတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) က ဇူလိုင် ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၆ ရက်မှာပဲ Bontech အခြေခံအလုပ်သမားသမဂ္ဂ အတွင်းရေးမှူး ထပ်မံ အလုပ်ထုတ်ခံခဲ့ရပြီး ဒါဟာ ရက်ပိုင်းအတွင်း တတိယမြောက် ထုတ်ပယ်ခံရတဲ့ သမဂ္ဂခေါင်းဆောင် ဖြစ်လာပါတယ်။
စက်ရုံစီမံခန့်ခွဲမှုအဖွဲ့နဲ့ HR ဌာနတို့က သမဂ္ဂအဖွဲ့ဝင်တွေကို ပစ်မှတ်ထားပြီး အသေးအဖွဲ ကိစ္စတွေကို အပြစ်ရှာကာ အတင်းအကျပ် ဝန်ခံကတိ လက်မှတ်ထိုးခိုင်းတာတွေအပြင် လုပ်ထုံးလုပ်နည်းကို ကျော်လွန်ပြီး ချက်ချင်း အလုပ်ထုတ်တာတွေ လုပ်ဆောင်နေတာပါ။
ဒီလုပ်ရပ်ဟာ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ဆိုင်ရာ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ ပြဋ္ဌာန်းချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်ပေမဲ့ သက်ဆိုင်ရာက တားဆီးအရေးယူတာမျိုး မရှိတဲ့အပေါ် အလုပ်သမားတွေနဲ့ လူမှုအဖွဲ့အစည်းတွေကြား ဝေဖန်မှုတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
အဆိုပါစက်ရုံကနေ နိုင်ငံတကာအမှတ်တံဆိပ်တွေဖြစ်တဲ့ DeltaPlus (France), Pioneer (Canada), GROUNDForce (Canada), CXS (Czech Republic), VIZWELL (China/Italy), TROEGER (Germany/EU), Singer (USA), DE (EU), Stongkit (Asian/SEA) နဲ့ PROFIT (EU) တို့ရဲ့ ကုန်ပစ္စည်းတွေကို ချုပ်လုပ်ပေးနေတာဖြစ်ပါတယ်။










