
ဦးဂူဆီး ဦးဆောင်တဲ့ လီဆူတပ်ဖွဲ့ဝင် ၅၀ ကျော်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ စစ်အာဏာရှင်တပ်ဘက်ကို ပူးပေါင်းသွားတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က အောက်တိုဘာ ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီတပ်ဖွဲ့ဟာ ၂၀၁၇ စစ်ဆင်ရေးကာလတုန်းက မိုးကုတ်နဲ့ မိုးမိတ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ချိန်မှာ PSLF/TNLA နဲ့ ပူးပေါင်းပြီး မိုးကုတ်မြို့ လုံခြုံရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သိမ်းပိုက်ရရှိထားတဲ့ TNLA စိုးမိုးနယ်မြေကို စစ်အာဏာရှင်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ပြင်းထန်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်မှာ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။
ဒီလီဆူတပ်ဖွဲ့ဝင်အချို့ဟာ မိုးကုတ်မြို့အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြပြီး အခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့မှာတော့ ဦးဂူဆီး ဦးဆောင်တဲ့ အင်အား ၅၀ ကျော်ဟာ လက်နက် ၅၀ ဝန်းကျင်နဲ့အတူ စစ်အာဏာရှင်တပ်ထံ သွားရောက်ပူးပေါင်းခဲ့တာလို့ ဆိုပါတယ်။
ဦးဂူဆီး ဦးဆောင်တဲ့ လီဆူတပ်ဖွဲ့ဝင်တွေဟာ တပ်ဖွဲ့ဝင်တိုင်း လိုက်နာစောင့်ထိန်းရမဲ့ ကတိသစ္စာကို ဖောက်ဖျက်ခဲ့တာကြောင့် PSLF/TNLA အဖွဲ့အစည်းနဲ့ လုံးဝကင်းကွာသွားပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
PSLF/TNLA အနေနဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေကို မျက်ခြည်မပြတ် စောင့်ကြည့်သွားမှာဖြစ်ပြီး အဲဒီတပ်ဖွဲ့က မိဘပြည်သူတွေအပေါ် ဖိနှိပ်စော်ကားမှုတွေ ပြုလုပ်လာပါက ပြည်သူ့ဘက်က ရပ်တည်ပြီး အရေးယူဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင်တပ်ထံ သွားရောက် ပူးပေါင်းခဲ့တဲ့ ဦးဂူဆီး ဦးဆောင်တဲ့ လီဆူတပ်ဖွဲ့ဝင်တွေဟာ မိုးကုတ်ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖို့ ရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။











