
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုမှာရှိတဲ့ မှော်ဝမ်းကလေးရွာကို စစ်တပ်က ဒီနေ့ မေ ၂၀ ရက် မနက်အစောပိုင်းမှာ မီးရှို့ ဖျက်ဆီးတာကြောင့် နေအိမ် ၅ လုံးလောက် မီးလောင် ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ မှော်ဝမ်းလေးကျေးရွာက နေအိမ်တွေ ကို မွှေနှောက်ပြီးနောက် မီးရှို့ဖျက်ဆီးတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “မှော်ဝမ်းလေးရွာကို မီးရှို့တာ ဟုတ်တယ်။ ဒေသခံတွေလည်း ထွက်ပြေး နေရတော့ အသေးစိတ်ကိုတော့ မသိရသေးဘူး။ အဲဒီ မှော်ဝမ်းလေးရွာကို ခရိုနီတွေနဲ့ စစ်တပ် ပေါင်းပြီး ကျောက်စိမ်းလုပ်ကွက်လုပ်ဖို့ ငွေပေးလို့ ဒေသခံတွေနဲ့လည်း ပြဿနာတွေ ရှိနေတယ်” လို့ DVB ကို ပြောပါတယ်။
မှော်ဝမ်းလေးကျေးရွာမှာ တိုက်ပွဲတွေ၊ စစ်တပ် စစ်ကြောင်းထိုးတာတွေကြောင့် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတာ တနှစ်နီးပါး ရှိနေပြီဖြစ်ပြီး ကျေးရွာလမ်းမြေနေရာကိုလည်း ခရိုနီတွေ နဲ့ စစ်တပ် ပေါင်းပြီး ကျောက်စိမ်းတူးတာတွေ လုပ်ထားတယ်လို့ ဆိုပါတယ်။
ဒေသခံ တယောက်ကလည်း “ရွာလမ်းမတွေလည်း လုပ်ကွက်ထဲပါတယ်။ နေအိမ်တွေကိုလည်း အတင်း ငွေပေးပြီး ဖယ်ခိုင်းတာတွေ ရှိတယ်။ အခုကျတော့ မီးပါဝင်ရှို့သွားတာ” လို့ ပြောပါတယ်။
ဖားကန့်မြို့နယ်မှာတော့ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကြား တိုက်ပွဲဖြစ်တာ၊ စစ်ရေးတင်းမာတာတွေ၊ လမ်းတွေပိတ်ဆို့ထားတာတွေ ရှိနေသလို လေကြောင်းတိုက်ခိုက်မှုတွေ လည်း ရှိနေတာ ဖြစ်ပါတယ်။










