
နိုင်ဂျီးရီးယားနိုင်ငံသားတွေနဲ့ တခြား အာဖရိက ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် နိုင်ငံခြားသား မုန်းတီးရေးအရ တိုက်ခိုက်နေတာတွေကို ကာကွယ်ရေး ပိုပြီးဆောင်ရွက်ဖို့ နိုင်ဂျီးရီးယားနိုင်ငံက တောင်အာဖရိကနိုင်ငံကို ဇူလိုင် ၂၇ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။
ထပ်ခါတလဲလဲ အကြမ်းဖက်မှုဟာ ဆက်ဆံရေးကို တင်းမာစေပြီး အစိုးရက ပါဝင်ပတ်သက်မှု ရှိ၊ မရှိ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့လည်း ပြောခဲ့ပါတယ်။
နိုင်ဂျီးရီးယားအရာရှိတွေက တောင်အာဖရိကနိုင်ငံရဲ့ အထူးသံတမန်နဲ့ နိုင်ငံတကာ ဆက်ဆံရေး ဝန်ကြီး ရိုနယ် လာမိုလာ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ အဘူဂျာမြို့တော်မှာ ဆွေးနွေးချိန် ခုလို မှတ်ချက်ပေး ပြောဆိုလိုက်တာပါ။
နိုင်ဂျီးရီးယားသမ္မတ ဘိုလာ တီနူဘူက အဘူဂျာမြို့တော်မှာ နိုင်ဂျီးရီးယားလူမျိုးတွေနဲ့ တောင်အာဖရိကနိုင်ငံက တခြား အာဖရိက ရွှေ့ပြောင်းနေထိုင်သူတွေကို ပစ်မှတ်ထားတဲ့ အာဖရိုဖိုးဗစ် တိုက်ခိုက်မှုတွေအဖြစ် ဖော်ပြခဲ့တဲ့ကိစ္စကို ဖြေရှင်းဖို့ အစည်းအဝေးမှာ အမိန့်ပေး ခဲ့တယ်လို့ နိုင်ဂျီးရီးယား နိုင်ငံခြားရေးဝန်ကြီး ဆိုလာ အီနီကာနိုလိုင်ယေးက ပြောပါတယ်။
တောင်အာဖရိက တက်ကြွလှုပ်ရှားသူတွေက ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း နိုင်ငံခြားသားတွေကို တိုက်ခိုက်ခဲ့ပြီး နိုင်ငံခြားသား ပိုင်ဆိုင်မှုတွေကို လုယက်ခဲ့ကြပါတယ်။
တောင်အာဖရိကနိုင်ငံသား အမြောက်အမြားဟာ ရာဇဝတ်မှုနဲ့ အလုပ်လက်မဲ့ဖြစ်မှုတို့လို ပြဿနာ တွေအတွက် ရွှေ့ပြောင်းနေထိုင်သူတွေကို အပြစ်တင်ခဲ့ကြပါတယ်။ တိုက်ခိုက်မှုတွေ အတွင်း လူ ၄ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
ရွှေ့ပြောင်းနေထိုင်မှု ဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ ပြီးခဲ့တဲ့လက အထောက်အထားမဲ့ ရွှေ့ပြောင်း နေထိုင်သူတွေ သူတို့နိုင်ငံထဲကနေ ထွက်သွားဖို့ တောင်းဆိုခဲ့ပြီး တောင်အာဖရိကမြို့ အတော်များများမှာ ချီတက်ခဲ့ကြပါတယ်။
နောက်ဆုံးဖြစ်ခဲ့တဲ့ နိုင်ငံခြားသားမုန်းတီးရေး အကြမ်းဖက်မှု ဖြစ်ပြီးကတည်းက နိုင်ဂျီးရီးယားလူမျိုး ၁,၄၉၀ ယောက်ထက်မနည်းကို တောင်အာဖရိကနိုင်ငံကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ နိုင်ဂျီးရီးယားအရာရှိတွေက ပြောခဲ့ပါတယ်။
Source: Reuters










