
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ ရှမ်းထူးရွာကို စစ်အာဏာရှင် တပ်က ၁၂၀ မမ လက်နက်ကြီး ၅ လုံး နဲ့ မေ ၁၂ ရက် ညနေ ၄ နာရီမှာ ပစ်ခတ်ခဲ့လို့ အရပ်သား ပြည်သူတယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ချောင်းဦးမြို့ ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ စစ်တပ်က ရုံးဝန်းအတွင်းကနေ ပစ်ခတ်ခဲ့တာလို့လည်း သိရပါတယ်။
ရှမ်းထူးရွာသားတယောက်က “ဘာတိုက်ပွဲမှ မရှိဘူးအစ်ကို။ စစ်တပ်က လူစိတ်မရှိလို့ အကြောင်းမဲ့ ရမ်းသန်းပစ်တာရယ်။ သူတို့ပစ်တာက အခု အရပ်သားတဦး သေခဲ့ရတယ်။ နောက်ထပ် ပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာ ပြင်းထန်ရခဲ့တယ်။ သေဆုံးသူက အသက် ၈၀ ဝန်းကျင် ဒေါ်သန်းမြ နေရာတင် သေဆုံးတယ်။ နောက် ဒဏ်ရာရတဲ့သူ ၂ ဦးက အသက် ၃၀ ၀န်းကျင် လင်မယား ၂ ယောက်။ အမည်က ကိုအောင်ကျောင်းစိုးနဲ့ မခိုင်ပါဗျ” လို့ ပြောပါတယ်။
စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီး ၅ လုံးဟာ ရှမ်းထူးရွာ အနောက်ပိုင်းက တံတားအနီးကို ကျရောက် ပေါက်ကွဲခဲ့ပြီး လူနေအိမ် ၂ လုံးပါ ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။
ချောင်းဦးမြို့နယ် ပကဖ တာဝန်ရှိသူတယောက်က “ကျနော်တို့ အခုရက်ပိုင်း ဘာစစ်ရေးပြင်ဆင်မှုမှ မလုပ်ဘူး။ သူတို့ ဆေးကြောင်၊ အရက်ကြောင်ပြီး ပြည်သူရွာတွေဆီ တည့်တည့်ကို ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်ပြီး အရပ်သားတွေကို သတ်ဖြတ်နေတာ” လို့ ပြောပါတယ်။
ရှမ်းထူးရွာဟာ မတ် ၂၀ ရက်ကလည်း စစ်တပ်က စစ်ကြောင်းထိုးပြီး ရွာကို မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၁၅၀ ကျော် မီးလောင် ပျက်စီးခဲ့တဲ့ကျေးရွာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်ကလည်း အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ တယောက် သေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။










