
မုံရွာ-ချောင်းဦးမြို့နယ်အစပ်မှာ ပြည်သူတွေ သီတင်းကျွတ် ဆီမီးထွန်းပွဲ ကျင်းပနေတဲ့ နေရာကို စက်အာဏာရှင်တပ်က လေထီး ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ စစ်ရာဇဝတ်မှု ဖြစ်စဉ် ၁ နှစ်ပြည့် ဝမ်းနည်းအောက်မေ့ဖွယ်နေ့မှာ စစ်အုပ်စုကို နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး တရားစွဲဆို အပြစ်ပေးနိုင်ဖို့ ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေကို အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က တောင်းဆိုလိုက်ပါတယ်။
၂၀၂၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်ညမှာ စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်အစပ်မှာ ပြည်သူတွေ သီတင်းကျွတ် ဆီမီးထွန်းပွဲ ကျင်းပရာ နေရာကို စက်တပ်လေထီး ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၂၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူ ၆၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါ့အပြင် မုံရွာ-အမြင့်လမ်း သပိတ်ကော်မတီက ရဲဘော် ၃ ယောက်နဲ့ ချောင်းဦးမြို့နယ် လူငယ်အင်အားစု သပိတ်ကော်မတီက ရဲဘော် ၁ ယောက်တို့လည်း ကျဆုံးခဲ့ရပါတယ်။
ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်နေ့မှာ ဝမ်းနည်းအောက်မေ့ဖွယ် တနှစ်ပြည့်မြောက်တဲ့ အချိန်အခါမှာ ကျဆုံးသွားခဲ့ရတဲ့ ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ စွန့်လွှတ်စွန့်စားမှုတွေကို လေးလေးနက်နက် အောက်မေ့ဂုဏ်ပြု ဦးညွှန်ပြီး ကျန်ရစ်သူ မိသားစုဝင်တွေရဲ့ ကြေကွဲဝမ်းနည်းမှုတွေနဲ့ ထပ်တူခံစားရပါတယ်လို့ GSCB က ဆိုပါတယ်။
မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာရေးနဲ့ မြန်မာ့ရိုးရာဓလေ့အရ သီတင်းကျွတ်လပြည့်ညမှာ ဆီးမီးထွန်းညှိ ဆုတောင်းကြတာဟာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နဲ့ စုဝေးခွင့် စတဲ့ မွေးရာပါ လူ့အခွင့်အရေးဖြစ်ပေမဲ့ စစ်အုပ်စုကတော့ အာဏာသိမ်းတဲ့နေ့ကစပြီး မတရားဖမ်းဆီးတာ၊ စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေမှာ ညှဉ်းပမ်းနှိပ်စက်တာ၊ စစ်ကြောင်းထိုးပြီး အရပ်သားပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်တနဲ့ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အဦးတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်လက် ကျူးလွန်နေတယ်လို့လည်း GSCB က ဆိုပါတယ်။
ဒီလို စစ်အုပ်စုကို အပြီးတိုင်ဖယ်ရှားပြီး ပြည်သူလူထုတရပ်လုံး မျှော်မှန်းတဲ့ လူသားဂုဏ်သိက္ခာကို အသိအမှတ်ပြုတဲ့ တန်းတူညီမျှပြီး လွတ်လပ်တရားမျှတတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်နိုင်ဖို့အတွက်လည်း ကြိုးစားသွားမယ်လို့လည်း GSCB က ထုတ်ပြန်ပါတယ်။











