
မြန်မာနိုင်ငံဟာ ဆက်တိုက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ယန္တရားပျက်စီးမှုတွေကြောင့် ပြင်းထန်တဲ့ စိတ်ကျန်းမာရေး အကျပ်အတည်းတခုနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီဆောင်းပါးမှာတော့ နိုင်ငံတွင်းက အကျပ်အတည်းပေါင်းစုံအောက်မှာ ဖြစ်ပေါ်နေတဲ့ စိတ်ကျန်းမာရေး ပြဿနာတွေရဲ့ အဓိက တွန်းအားတွေ၊ သက်ရောက်မှုတွေနဲ့ လက်ရှိ တုံ့ပြန်ဆောင်ရွက်နေမှုတွေကို လေ့လာသုံးသပ်ထားပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှုတွေဟာ ပြည်သူတွေရဲ့ ကျန်းမာရေးအပေါ် ပြင်းထန်တဲ့ သက်ရောက်မှုတွေ ရှိပြီး၊ အထူးသဖြင့် စိတ်ကျန်းမာရေး ဝန်ထုပ်ဝန်ပိုးကို ပိုကြီးလာစေပါတယ်။ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ နေထိုင်ရသူတွေဟာ စိုးရိမ်ပူပန်မှု၊ စိတ်ကျရောဂါ၊ စိတ်ဒဏ်ရာအလွန်ကာလ ဖိစီးမှုရောဂါ (PTSD)၊ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်တဲ့ အတွေးတွေကို အများဆုံး ခံစားရလေ့ရှိပါတယ်။ အာဖဂန်နစ္စတန်နဲ့ ယူကရိန်းတို့က အထောက်အထားတွေ အရလည်း ပဋိပက္ခဒေသတွေမှာ PTSD နဲ့ စိတ်ကျရောဂါ အဖြစ်များကြောင်း ပြသနေပါတယ်။
မြန်မာနိုင်ငံမှာလည်း ဆက်တိုက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် စိတ်ကျန်းမာရေး ပြဿနာတွေ သိသိသာသာ မြင့်တက်လာပါတယ်။ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းက စိတ်ကျရောဂါနဲ့ စိုးရိမ်ပူပန်မှု ခံစားရသူ ၁၄ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ၂၂ ဒသမ ၂ ရာခိုင်နှုန်းအသီးသီး ရှိခဲ့ရာကနေ အောက်တိုဘာလမှာတော့ ၆၁ ဒသမ ၃၉ ရာခိုင်နှုန်းနဲ့ ၅၈ ဒသမ ၀၂ ရာခိုင်နှုန်း အထိ ထိုးတက်သွားခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် နှောင်းပိုင်းရောက်တော့ လူ ၄ ယောက်မှာ ၁ ယောက်ဟာ အသင့်အတင့်ကနေ ပြင်းထန်တဲ့ စိတ်ကျရောဂါကို ခံစားနေရပါတယ်။ ဒါကြောင့် စိတ်ကျန်းမာရေးဟာ ပြင်းထန်တဲ့ ပြည်သူ့ကျန်းမာရေး အကျပ်အတည်း တခုအဖြစ် ဆက်ရှိနေပါတယ်။
မြန်မာ့အကျပ်အတည်းပေါင်းစုံ အခြေအနေအောက်က စိတ်ကျန်းမာရေး
အကျပ်အတည်းပေါင်းစုံကြားထဲမှာ မိသားစုတွေဟာ အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်နေရပါတယ်၊၊ တခြားလိုအပ်ချက်တွေက ပိုများနေပြီး စိတ်ကျန်းမာရေးကို ဦးစားပေး တခုအဖြစ် မသတ်မှတ်နိုင်ကြပါဘူး။ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တာကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို အကြမ်းဖက် နှိမ်နင်းခဲ့ပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ လူအများအပြား သတ်ဖြတ်ခံရ၊ ဖမ်းဆီးခံရ သို့မဟုတ် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ နှိပ်ကွပ်မှုတွေဟာ ဆန္ဒပြသူတွေအပြင် သတင်းထောက်တွေကိုပါ သတ်ဖြတ်၊ ဖမ်းဆီးခံလာ ရပါတယ်။ အမျိုးသမီးတွေဟာလည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်ရပြီး ရေရှည် စိတ်ဒဏ်ရာတွေကို ရရှိစေခဲ့ပါတယ်။ အသက် ၁၈ နှစ်နဲ့အထက်အရွယ်ရောက်သူတွေကို ရှေ့တန်းစစ်မျက်နှာပြင်ဆီ အတင်းအကျပ် စစ်မှုထမ်းခိုင်းတာကြောင့် လူငယ်အများအပြားဟာ ပြည်ပကို ထွက်ပြေးတာ၊ ဒါမှမဟုတ် မြို့ကြီးတွေဆီ ပြောင်းရွှေ့တာတွေ လုပ်ခဲ့ရပါတယ်။ တချိန်တည်းမှာပဲ လုံခြုံမှုမရှိတဲ့ သင်ယူမှုပတ်ဝန်းကျင်၊ မတတ်နိုင်တဲ့ ပညာရေးစရိတ်နဲ့ ပညာသင်ဆု အခွင့်အလမ်း နည်းပါးမှုတွေကြောင့် (အထူးသဖြင့် ဝင်ငွေနည်းပါးပြီး အလယ်အလတ်ရှိတဲ့ မိသားစုတွေက) မြန်မာလူငယ် ၄ ယောက်မှာ ၃ ယောက်ဟာ ပညာရေး ဒါမှမဟုတ် သင်တန်းတွေမှာ ဆက်လက် မသင်ယူနိုင်တော့ပါဘူး။ တိုင်းပြည်ရဲ့ အနာဂတ် လူငယ်အများအပြားဟာ ဝိုးတဝါး အနာဂတ်အတွက် ပိုမိုဆိုးရွားလာတဲ့ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဆက်တိုက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် မိသားစု ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ရပြီး၊ လုံလောက်တဲ့ နေရာထိုင်ခင်းနဲ့ အခြေခံဝန်ဆောင်မှုတွေ မရရှိကြသလို မိသားစုတွေပါ ကွဲကွာခဲ့ရပါတယ်။ တချိန်တည်းမှာပဲ လူမှုဝန်ဆောင်မှု ပေးနေသူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ အစိုးရဝန်ထမ်းတွေ အလုပ်ခွင်ကနေ ထွက်ခွာသွားတာတွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် အများပြည်သူဝန်ဆောင်မှု အခြေခံယန္တရားတွေ အကြီးအကျယ် အားနည်းသွားပါတယ်။ CDM ဝန်ထမ်း အများအပြားဟာ ဖမ်းဆီးခံရမှု၊ နှိပ်စက်ခံရမှုနဲ့ မိသားစုကို ခြိမ်းခြောက်ခံရမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တချို့ဆိုရင် လုံခြုံရေးအတွက် လုံခြုံရာ အိမ်တလုံးကနေ တလုံးကို ပြောင်းရွှေ့ပုန်းအောင်းနေကြရပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ CDM တွေကို ပြည်ပထွက်ခွာခွင့် မရအောင် နိုင်ငံကူးလက်မှတ် ထုတ်ပေးတာတွေကို ကန့်သတ်ထားပြီး လေဆိပ်တွေမှာ စစ်ဆေးမေးမြန်း ဖမ်းဆီးတာတွေ ပိုလုပ်လာပါတယ်။ အထောက်အထား စာရွက်စာတမ်းမရှိ အချိန်မရွေး ဖမ်းဆီးထောင်ချခံရနိုင်တဲ့ အန္တရာယ်အောက်မှာ CDM အများအပြားဟာ အကြောက်တရား၊ မလုံခြုံမှုနဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ဆက်လက် အသက်ရှင်နေကြရပါတယ်။
အာဏာသိမ်းပြီးနောက် ငွေကြေးဖောင်းပွမှုဟာ ၂၈ ဒသမ ၅၈ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ဆင်းရဲမွဲတေမှုနှုန်းက ၃၂ ဒသမ ၁၀ ရာခိုင်နှုန်း အထိ ရောက်ရှိသွားတဲ့အတွက် လူဦးရေရဲ့ ၃ ပုံ ၁ ပုံနီးပါး ဆင်းရဲတွင်းကျသွားပါတယ်။ စိုက်ပျိုးရေး ထုတ်လုပ်မှုက ၁၆ ရာခိုင်နှုန်း ကျဆင်းသွားပြီး လူပေါင်း ၁၅ သန်းလောက်ဟာ စားနပ်ရိက္ခာ မလုံလောက်မဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ တချိန်တည်းမှာပဲ အခြေခံကုန်ဈေးနှုန်းတွေနဲ့ အလုပ်လက်မဲ့နှုန်းက အကြီးအကျယ် မြင့်တက်လာပါတယ်။ ဒါပေမဲ့ လစာတွေကတော့ မပြောင်းလဲဘဲ ရှိနေတာကြောင့် နေ့စဉ် သွားလာစရိတ်ကတောင် ဝန်ထုပ်ဝန်ပိုး ဖြစ်လာပါတယ်။ လူအများစုဟာ အပန်းဖြေတာတွေ၊ ကိုယ်ပိုင်အသုံးအဆောင်တွေအတွက် မတတ်နိုင်ကြတော့ပါဘူး။ တချို့ဆိုရင် ထမင်းတနပ် လျှော့စားတာ ဒါမှမဟုတ် အသုံးစရိတ် လျှော့ချတာတွေ လုပ်လာရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တကြိမ်ပြသရင် ဒေါ်လာ ၇ ကနေ ၁၂ ဒေါ်လာလောက် ကုန်ကျတဲ့ စိတ်ကျန်းမာရေး စောင့်ရှောက်မှုထက် အသက်ရှင်သန်ရေးကိုပဲ ဦးစားပေးလာကြပါတယ်။
လူ့အသိုက်အဝန်းရဲ့ အထင်အမြင်သေး မကောင်းမြင်မှုကလည်း အဓိက အတားအဆီးတခု ဖြစ်နေပါတယ်။ စိတ်ကျန်းမာရေး ပြဿနာတွေကို ရှက်စရာအဖြစ် ရှုမြင်လေ့ရှိပြီး၊ အသိပညာ နည်းပါးမှုကြောင့် နာမ်လောကက အနှောင့်အယှက်တွေ၊ ဝဋ်ကြွေးတွေနဲ့ သွားပြီး ဆက်စပ်တွေးတတ်ကြပါတယ်။ ကျွမ်းကျင်သူတွေဆီမှာ သွားရောက်ကုသတာကိုက အထင်အမြင်သေးစရာ ကိစ္စတခုလို ဖြစ်နေလို့ ကုသမှုခံယူဖို့ ဝန်လေးနေကြပါတယ်။ အများစုက တခြားသူတွေကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေမှာ၊ ဆေးရုံတက်ရမှာ၊ ဒါမှမဟုတ် ကိုယ့်အခြေအနေကို ထုတ်ပြောရမှာကို ကြောက်ကြပါတယ်။ လူတွေဟာ ဒီပြဿနာတွေကို တိတ်တိတ်လေး ကြိတ်ခံစားပြီး ဖုံးကွယ်ထားတတ်တဲ့အတွက် စိတ်ကျန်းမာရေး လိုအပ်ချက်တွေကို လျှော့တွက်မိသလို ဖြစ်သွားစေပါတယ်။
လုံလောက်တဲ့ စိတ်ကျန်းမာရေး စောင့်ရှောက်မှု မရှိတာကလည်း အခြေအနေကို ပိုဆိုးစေပါတယ်။ ကျွမ်းကျင်ပညာရှင်တွေ၊ ဆေးရုံဆေးခန်းတွေနဲ့ လူနာတွေကြားမှာ ကြီးမားတဲ့ မညီမျှမှုတွေ ရှိနေပြီး၊ အထူးသဖြင့် မြို့ပြနဲ့ ကျေးလက်ကြားမှာ ပိုဆိုးပါတယ်။ အစိုးရရဲ့ ကျန်းမာရေး အသုံးစရိတ်ထဲကမှ ၁ ဒသမ ၄ ရာခိုင်နှုန်းကိုသာ စိတ်ကျန်းမာရေးအတွက် ခွဲဝေချထားပါတယ်။ အမျိုးသား စိတ်ကျန်းမာရေး မူဝါဒ (၂၀၂၁-၂၀၂၅) ကို အတည်ပြုခဲ့ပေမဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ အရင်းအမြစ် နည်းပါးမှုတွေကြောင့် အကောင်အထည်ဖော်မှု ရပ်တန့်နေပါတယ်။ ရလဒ်အနေနဲ့ အထင်အမြင်သေးမှု၊ အသိပညာနည်းပါးမှုနဲ့ ကုသမှုရရှိနိုင်စွမ်း အကန့်အသတ်တွေကြောင့် စိတ်ကျန်းမာရေး အခြေအနေတွေဟာ ဆက်လက် ဆိုးရွားနေဆဲပါ။
တချိန်တည်းမှာပဲ မြန်မာပြည်သူတွေဟာ ကိုဗစ်-၁၉၊ ဆိုင်ကလုန်းမုန်တိုင်းတွေ၊ ငလျင်တွေစတဲ့ တခြားအကျပ်အတည်းဒုက္ခတွေနဲ့ပါ ရင်ဆိုင်ခဲ့ရပြီး ချစ်ခင်ရသူတွေ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေနဲ့ နေအိမ်တွေ ဆုံးရှုံးခဲ့ရတာကြောင့် စိတ်ဒဏ်ရာတွေ ထပ်ဆင့် ခံစားရပါတယ်။ ဒီအကျပ်အတည်းတွေ တခုနဲ့တခု ထပ်နေတဲ့အခါ သက်ရောက်မှုတွေ ပိုပြင်းထန်လာပြီး နာလန်ထူဖို့ အလွန်ခက်ခဲသွားပါတယ်။ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအားနည်းတာနဲ့ ကြိုတင်ပြင်ဆင်မှု ညံ့ဖျင်းတာတွေကလည်း ဒီသက်ရောက်မှုတွေကို ပိုဆိုးစေပါတယ်။ မြန်မာပြည်သူအများအပြားဟာ မျက်စိနဲ့ မမြင်ရတဲ့ ဒဏ်ရာတွေကို သယ်ဆောင်ထားရပါတယ်။ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် အခြေခံကုန်ပစ္စည်းတွေကတောင် လူအများစု မတတ်နိုင်တဲ့ အရာတွေ ဖြစ်လာပါတယ်။ မှုခင်းတွေ များလာတာနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တွေ ဆိုးရွားလာတာကလည်း လုံခြုံမှုမရှိခြင်းကို ပိုတိုးစေပါတယ်။ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို စစ်တပ်ဆီ လွှဲပြောင်းပေးထားတဲ့အတွက် လုံခြုံရေး စိုးရိမ်မှုတွေက အွန်လိုင်းပေါ်အထိပါ ရောက်ရှိလာပါတယ်။ မီးပျက်တာ၊ လောင်စာဆီ ပြတ်လပ်တာနဲ့ ဆီဖြည့်ဖို့ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေကြောင့် နေ့စဉ်ဘဝတွေ ထပ်ပြီး အနှောင့်အယှက် ဖြစ်ရပါတယ်။ ခရီးသွားလာခွင့် ကန့်သတ်ချက်တွေနဲ့ ဖမ်းဆီးမှုတွေကလည်း သွားလာလှုပ်ရှားခွင့်ကို ကန့်သတ်ထားပါတယ်။ လုံခြုံမှုမရှိတာ၊ အတင်းအကျပ် စစ်မှုထမ်းခိုင်းတာ၊ အခွင့်အလမ်းတွေ နည်းပါးတာနဲ့ အနာဂတ်အတွက် မသေချာမှုတွေကြောင့် စိုးရိမ်ပူပန်မှုဟာ နေ့စဉ်ကြုံတွေ့နေရတဲ့ အမှန်တရားတစ်ခု ဖြစ်လာပါတယ်။
စိတ်ကျန်းမာရေး အကျပ်အတည်း၏ မမြင်ရသော ဆုံးရှုံးမှုများ
မြန်မာနိုင်ငံရဲ့ အကျပ်အတည်းပေါင်းစုံကနေ ရလာတဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ရသွားရုံနဲ့ ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ အဲဒါက မျိုးဆက်တခုကနေ တခုကို ကူးစက်တဲ့ စိတ်ဒဏ်ရာတွေကို ဖြစ်စေနိုင်ပြီး မိသားစုတွေနဲ့ လူ့အသိုက်အဝန်းတွေကို ပုံဖော်သွားနိုင်ပါတယ်။ ဥပမာ- ၁၉၉၄ ခုနှစ် ဂျီနိုဆိုက်အပြီး ရဝမ်ဒါနိုင်ငံမှာ မွေးဖွားလာသူတွေဟာ အချိန်ကြာလာတာနဲ့အမျှ လက်ဆင့်ကမ်းလာတဲ့ စိတ်ဒဏ်ရာတွေကို ခံစားခဲ့ကြရပါတယ်။ အကြမ်းဖက်မှုတွေနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်မှုတွေက ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ သင်ယူမှုကို ထိခိုက်စေတဲ့အတွက် ကလေးငယ်တွေဟာ အထိခိုက်ဆုံး ဖြစ်ပါတယ်။ တချို့အခြေအနေတွေမှာ စိတ်ဒဏ်ရာဟာ ဗီဇပြောင်းလဲမှုကိုတောင် ဖြစ်စေနိုင်ပြီး အနာဂတ်မှာ စိတ်ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ခြေကို ပိုများစေကာ လက်ဆင့်ကမ်းလာတဲ့ စိတ်ဆင်းရဲမှု သံသရာကို ဖန်တီးပေးပါတယ်။
စိတ်ကျန်းမာရေး ပြဿနာတွေဟာ လူတယောက်ရဲ့ စိတ်ကိုသာမက ခန္ဓာကိုယ် ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ အရက်နဲ့ မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲမှု၊ တခြား မကောင်းတဲ့ ဖြေရှင်းနည်းတွေ သုံးစွဲတာတွေ ဖြစ်စေနိုင်ပြီး၊ ဆိုးရွားတဲ့ အခြေအနေတွေမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အထိ ဖြစ်နိုင်ပါတယ်။ စိုးရိမ်ပူပန်မှုနဲ့ နာတာရှည် စိတ်ဖိစီးမှုတွေက အလုပ်လုပ်နိုင်စွမ်းနဲ့ ဝင်ငွေကို သိသိသာသာ လျော့ကျစေနိုင်သလို မိသားစုတွေအပေါ်မှာလည်း စိတ်ပိုင်းဆိုင်ရာနဲ့ စီးပွားရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေ ကျရောက်စေပါတယ်။ မိမိအိတ်ကပ်ထဲကနေ စိုက်ထုတ်ကျခံရတဲ့ ကျန်းမာရေးစရိတ် ကြီးမားမှုကလည်း အိမ်ထောင်စုတွေကို ပိုပြီး ဖိစီးစေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ လူ့စွမ်းအား အရင်းအမြစ်တွေကို လျော့ကျစေပြီး နိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးစနစ် တခုလုံးအပေါ် ဖိအားတွေ ပိုများလာစေပါတယ်။
လက်ရှိ တုံ့ပြန်ဆောင်ရွက်မှုများနှင့် ကန့်သတ်ချက်များ
မြန်မာနိုင်ငံမှာ စိတ်ကျန်းမာရေး ဝန်ဆောင်မှုတွေနဲ့ ပတ်သက်တဲ့ အခြေခံအဆောက်အအုံ၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်မှုနဲ့ ကြီးကြပ်ကွပ်ကဲမှုတွေဟာ အကန့်အသတ်နဲ့သာ ရှိနေဆဲဖြစ်ပြီး ဝန်ဆောင်မှုပေးသူနဲ့ လူနာတွေကြားမှာ ကြီးမားတဲ့ မညီမျှမှုတွေ ရှိနေပါတယ်။ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု ခံစားနေရသူတွေဟာ စိတ်ကျန်းမာရေးနှင့် လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု (MHPSS) ကျွမ်းကျင်ပညာရှင်တွေရဲ့ အကူအညီကို လိုအပ်ပါတယ်။ စနစ်ပိုင်းဆိုင်ရာ လျစ်လျူရှုခံရမှု၊ ယဉ်ကျေးမှုတွေနဲ့ အထင်အမြင်သေးမှုတွေကြောင့် လူအများစုဟာ ဘုန်းတော်ကြီးတွေရဲ့ အကူအညီ၊ ဘာသာရေး အလေ့အကျင့်တွေ ဒါမှမဟုတ် တရားထိုင်ခြင်းစတဲ့ ရိုးရာချဉ်းကပ်မှုတွေကိုပဲ အားထားနေကြရပါတယ်။ အွန်လိုင်း လူမှုကွန်ရက် အဖွဲ့အစည်းတွေကလည်း အချင်းချင်း ပံ့ပိုးကူညီမှုတွေ ပေးကြပါတယ်။ နေ့စဉ်ဘဝမှာ ဖြေရှင်းဖို့အတွက် ဒီနည်းလမ်းတွေက အသုံးဝင်ပေမဲ့ ပြင်းထန်တဲ့ အခြေအနေတွေအတွက်တော့ မလုံလောက်ပါဘူး။
ရွေ့လျား စိတ်ကျန်းမာရေး ဆေးခန်းတွေက လူ့အဖွဲ့အစည်းတွေဆီ အလှည့်ကျသွားရောက်ပြီး အခမဲ့ ဝန်ဆောင်မှုတွေ ပေးပေမဲ့၊ ဒါက ဝန်ဆောင်မှုပေးသူတွေအတွက် အလုပ်တာဝန်ပိစေပြီး ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေနိုင်ပါတယ်။ အရင်က စိတ်ကျန်းမာရေးကို အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုမှာ ပေါင်းစပ်ဖို့ ကြိုးပမ်းမှုတွေကလည်း အပြည့်အဝ အကောင်အထည် မပေါ်ခဲ့ပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အခမဲ့ အွန်လိုင်း စိတ်ကျန်းမာရေး ဝန်ဆောင်မှုတွေနဲ့ အသိပညာပေး ကမ်ပိန်းတွေ လုပ်ဆောင်ပြီး စိတ်ကျန်းမာရေးကို ဦးစားပေး ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ လူကိုယ်တိုင် တွေ့ဆုံကုသမှု မရှိတာက ရှေ့တန်းနဲ့ မြေပြင်က လူတွေအတွက် ပံ့ပိုးမှုကို ကန့်သတ်ထားသလို ဖြစ်နေပါတယ်။ အထူးသဖြင့် မိသားစုဝင်တွေ ဆုံးရှုံးထားရသူတွေ၊ ပြင်းထန်တဲ့ ဒဏ်ရာရထားသူတွေလိုမျိုး အနီးကပ် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု လိုအပ်သူတွေအတွက်ပါ။ ဥပမာ - အရပ်သားတချို့ဟာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကနေ အသက်ရှင် လွတ်မြောက်လာပေမဲ့ မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရပါတယ်။ ဒီလို အတွေ့အကြုံတွေက အသက်ရှင်ကျန်ရစ်သူတွေကို ပြင်းထန်တဲ့ စိတ်ဒဏ်ရာတွေ ကျန်ရစ်စေပြီး၊ ကျန်ရှိနေတဲ့ မိသားစုဝင်တွေကို ပြုစုစောင့်ရှောက်ရာမှာလည်း စိတ်ကျန်းမာရေး ပံ့ပိုးမှု အနည်းငယ်သာ ရရှိတာ သို့မဟုတ် လုံးဝမရရှိတာမျိုးတွေ ဖြစ်နေပါတယ်။
NGO တွေနဲ့ UNFPA လို နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အွန်လိုင်း ပလက်ဖောင်းတွေနဲ့ သင်တန်းတွေကတဆင့် ပါဝင်ကူညီနေကြပါတယ်။ တချိန်တည်းမှာပဲ ကာလတို သင်တန်းတွေလည်း များလာပြီး အများစုက စည်းမျဉ်းစည်းကမ်းနဲ့ သင့်လျော်တဲ့ စံသတ်မှတ်ချက်တွေ မရှိပါဘူး။ အခြေခံ သင်တန်းလောက်ပဲ တက်ထားသူ တချို့က ဝန်ဆောင်မှုတွေ ပေးနေတာကြောင့် ဘေးကင်းလုံခြုံရေးနဲ့ အရည်အသွေးပိုင်းဆိုင်ရာ စိုးရိမ်မှုတွေ ရှိလာပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်းလို ချဉ်းကပ်မှုမျိုးက အသုံးဝင်ပေမဲ့ သင့်လျော်တဲ့ သင်တန်းနဲ့ ကြီးကြပ်မှုတွေပါဝင်တဲ့ ပိုမိုကျယ်ပြန့်တဲ့ စနစ်တခုရဲ့ အစိတ်အပိုင်း ဖြစ်သင့်ပါတယ်။ ပိုမိုစနစ်ကျပြီး အထောက်အထားခိုင်လုံတဲ့ အကြံပေးဆွေးနွေးခြင်း အစီအစဉ်တွေ လိုအပ်နေပါတယ်။
သုံးသပ်ချက်များနှင့် ရှေ့ဆက်ရမည့် လမ်းစဉ်
လက်ရှိ အကျပ်အတည်းပေါင်းစုံ အခြေအနေအရ၊ လူထုအခြေပြု နည်းလမ်းတွေနဲ့ ဒစ်ဂျစ်တယ် နည်းပညာသုံး ချဉ်းကပ်မှုတွေက ရေတိုအတွက် အဖြစ်နိုင်ဆုံး နည်းလမ်းတွေပါ။ ဒါပေမဲ့ ရေရှည်တိုးတက်မှုအတွက်ကတော့ မူဝါဒ ပြုပြင်ပြောင်းလဲရေး၊ လုပ်သားအင်အား တောင့်တင်းခိုင်မာရေး၊ အသိပညာပေးရေးနဲ့ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုမှာ ပေါင်းစပ်ရေးစတာတွေ ပါဝင်တဲ့ ညှိနှိုင်းပေါင်းစပ် ချဉ်းကပ်မှုမျိုး လိုအပ်ပါတယ်။ နိုင်ငံရေး တည်ငြိမ်မှုကလည်း စိတ်ကျန်းမာရေးစနစ်တွေနဲ့ အလုံးစုံ သုခချမ်းသာအပေါ် တိုက်ရိုက်ရော သွယ်ဝိုက်ပါ သက်ရောက်မှု ရှိတဲ့အတွက် အလွန် အရေးကြီးပါတယ်။ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်မှာ ရှင်းလင်းတဲ့ လမ်းညွှန်ချက်တွေနဲ့ ပိုကောင်းတဲ့ သင်တန်းတွေ လိုအပ်ပါတယ်။ လူထုစေတနာ့ဝန်ထမ်းတွေက ဒေသတွင်းမှာ အခြေခံ လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေကို ပေးနိုင်ပါတယ်။ အထင်အမြင်သေးမှုတွေကို လျှော့ချဖို့ကလည်း အလွန် အရေးကြီးပါတယ်။ လူထုဆီကို ကွင်းဆင်းရောက်ရှိရေး၊ ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ ပညာပေးမှုတွေနဲ့ ဒေသခံ ခေါင်းဆောင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးတွေဟာ မရှိမဖြစ် လိုအပ်ပါတယ်။ ဒစ်ဂျစ်တယ် ကမ်ပိန်းတွေကတဆင့် ပိုကျယ်ပြန့်တဲ့ လူထုဆီကို ရောက်ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ မတူကွဲပြားမှုတွေကို ထင်ဟပ်နိုင်ဖို့ စိတ်ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို တိုင်းရင်းသား ဘာသာစကား မျိုးစုံနဲ့လည်း ထောက်ပံ့ပေးသင့်ပါတယ်။
နိဂုံးချုပ်
မြန်မာနိုင်ငံရဲ့ စိတ်ကျန်းမာရေး အကျပ်အတည်းဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းပေါင်းစုံကြောင့် အလွန်နက်နက်ရှိုင်းရှိုင်း ပုံပေါ်လာတာဖြစ်ပြီး ပိုမိုကျယ်ပြန့်ကာ ရှုပ်ထွေးနေပါတယ်။ လက်ရှိ တုံ့ပြန်ဆောင်ရွက်မှုတွေက အတိုင်းအတာတခုအထိ သက်သာရာရစေပေမဲ့၊ ရေရှည် လိုအပ်ချက်တွေအတွက်တော့ မလုံလောက်သေးပါဘူး။ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် နိုင်ငံရေးတည်ငြိမ်မှု ပိုမိုကောင်းမွန်လာတာနဲ့အမျှ စနစ်တွေကို ခိုင်မာအားကောင်းစေဖို့၊ အထင်အမြင်သေးမှုတွေကို လျှော့ချဖို့နဲ့ စောင့်ရှောက်မှု ရရှိနိုင်စွမ်းကို တိုးချဲ့ဖို့ ညှိနှိုင်းပေါင်းစပ်ထားတဲ့ ကြိုးပမ်းအားထုတ်မှုတွေ လိုအပ်ပါတယ်။
ဒေါက်တာ ဂျက်စလင်










