
Jue Jue’s Safe Space ရဲ့ (၅) ကြိမ်မြောက် စိတ်ကျန်းမာရေးညီလာခံကို ဧပြီ ၂ ရက်ကနေ ၃ ရက် ထိ ၂ ရက်ကြာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က Holiday Garden Hotel မှာ ပြုလုပ်ခဲ့ပါတယ်။
“Access to Mental Health Care” (လွယ်ကူမြန်ဆန် စိတ်ကုစားရန်) ခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့ ဒီညီလာခံကိုတော့ Jue Jue’s Safe Space နဲ့ Foundation for Education Development (FED) တို့က ပူးပေါင်းကျင်းပတာဖြစ်ပြီး အမေရိကန်၊ ဗြိတိန်၊ နော်ဝေ၊ ဂျာမနီနဲ့ ထိုင်းနိုင်ငံတို့က စိတ်ကျန်းမာရေးပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ စိတ်ကျန်းမာရေးဆိုင်ရာ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ လေ့လာလိုသူတွေ တက်ရောက်ခဲ့ကြပါတယ်။
Jue Jue’s Safe Space တည်ထောင်သူ Jue Jue Min Thu က “ကျမတို့အားလုံးက ကိုယ့်အလုပ်ကိုယ် လုပ်နေကြတာမှန်ပေမဲ့ တချိန်တည်းမှာပဲ ဒီချိတ်ဆက်မှုတွေကို ပိုခိုင်မာအောင် လုပ်ဖို့လိုပါတယ်။ ဘုံရည်မှန်းချက်တခုအတွက် အတူတူလက်တွဲ လုပ်ဆောင်နိုင်ဖို့ အားလုံးကို ကျမတို့ ချိတ်ဆက်ပေးရပါမယ်။ ဘာကြောင့်လဲဆိုတော့ အတူတူလက်တွဲရင် ကျမတို့ ပိုပြီးအားကောင်းလို့ပါ။ ဒါကြောင့် အရင်းအမြစ်တွေ၊ အကြံဉာဏ်တွေ၊ အစီအစဉ်တွေနဲ့ ဝန်ဆောင်မှုတွေကို မျှဝေဖို့၊ ပိုပြီးပူးပေါင်းဆောင်ရွက်နိုင်ဖို့နဲ့ စိတ်ကျန်းမာရေးစောင့်ရှောက်မှုကို လွယ်လွယ်ကူကူ ရရှိနိုင်ဖို့အတွက် ဒီညီလာခံကို ပလက်ဖောင်းတခုအနေနဲ့ ဖန်တီးခဲ့တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
စိတ်ကျန်းမာရေးညီလာခံတွင် (၁) လူတဦးချင်းအဆင့် စိတ်ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ရေး (Individual Access)၊ အဆင့် (၂) လူမှုအသိုင်းအဝိုင်းအဆင့် စိတ်ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ခြင်း (Community Access)၊ အဆင့် (၃) နိုင်ငံတော်အဆင့် စိတ်ကျန်းမာရေး လက်လှမ်းမီမှု (National Access) စသည့် အဆင့် (၃) ဆင့်ခွဲကာ ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။
ညီလာခံမှရရှိတဲ့ ရန်ပုံငွေတွေကို Jue Jue's Safe Space က နှစ်စဉ်ပြုလုပ်နေတဲ့ စိတ်ကျန်းမာရေးအတွက် အမှန်တကယ် လိုအပ်နေသူတွေအတွက် ကူညီပေးခြင်းဆိုင်ရာ လုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုသွားမှာလည်း ဖြစ်ပါတယ်။










