DVB Logo
Home
မြန်မာသတင်း
သေကြောင်းကြံစည်မည့် သတိပေးလက္ခဏာများကို ဘယ်လိုသတိထားသင့်သလဲ
မြတ်သဇင်
·
September 10, 2026
Photo: Serenity Counseling & Mental Health Services
Photo: Serenity Counseling & Mental Health Services
Donate to DVB

စက်တင်ဘာလဟာ မိမိကိုယ်ကို သေကြောင်းကြံစည်မှု ကာကွယ်တားဆီးရေး အသိပညာပေးတဲ့လ ဖြစ်ပါတယ်။

ချစ်ခင်ရသူတယောက်ဆီမှာ သေကြောင်းကြံစည်တော့မဲ့ သတိပေးလက္ခဏာ (Warning Signs) တွေကို အနီးကပ်ဆုံးရှိနေတဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေက ပထမဆုံး သတိပြုမိသူတွေ ဖြစ်နိုင်တဲ့အတွက် ဘယ်လို သတိထားသင့်ပါသလဲ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အချက်အလက်တွေအရ ကမ္ဘာတဝန်းမှာ နှစ်စဉ် လူပေါင်း ၇၂၀,၀၀၀ ကျော်ဟာ သေကြောင်းကြံစည်ပြီး အသက်ဆုံးရှုံးနေရပါတယ်။

ဒါဟာ ကမ္ဘာပေါ်မှာ သေဆုံးမှုတိုင်းရဲ့ ၁ ရာခိုင်နှုန်းကျော် ဒါမှမဟုတ် သေဆုံးမှု ၁၀၀ မှာ တယောက်နှုန်းဟာ သေကြောင်းကြံစည်မှုကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် မိမိကိုယ်ကို သေကြောင်းကြံစည်မှုကို ကာကွယ်တားဆီးနိုင်ဖို့ ဘယ်လိုအချက်တွေက အရေးပါပါသလဲ။

မိမိကိုယ်ကို သေကြောင်းကြံစည်လိုစိတ်ရှိသူတွေရဲ့ သတိပေးလက္ခဏာ (Warning Signs) တွေကို အနီးကပ်ဆုံး ရှိနေတဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေက ပထမဆုံး သတိပြုမိသူတွေ ဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် ချစ်ခင်ရသူတယောက်ဆီမှာ သေကြောင်းကြံစည်တော့မဲ့ Warning Signs တွေနဲ့ ပတ်သက်ပြီး သတိပြုရမဲ့ အချက်တွေကို စိတ်ကျန်းမာရေးအထူးပြု ဆရာဝန်တယောက်ဖြစ်တဲ့ ဒေါက်တာမိုးက ပြောပြပါတယ်။

“အရင်ဆုံး ပြောရမှာက warning sign ဘာမှမရှိဘဲနဲ့လည်း suicide လုပ်သွားတာတွေလည်း ရှိနေတယ်ပေါ့နော်။ ဒါပေမဲ့ များသောအားဖြင့်ကတော့ ပြတယ်။ ဘာတွေလဲ ဆိုတဲ့အခါကျတော့ သူက အဲလို အစားအသောက်တို့ ဒီ ကိုယ့်ရဲ့ နေ့စဉ်အလုပ်တွေပေါ့နော်။ အစားအသောက်တွေ စကားပြောတာ အစပေါ့နော်၊ တယောက်နဲ့တယောက် ပြောဆို ဆက်ဆံတာအစ အဲဒီဟာတွေ ပြောတဲ့ပုံစံတွေ ပြောင်းလာတာပေါ့နော်။ ဘယ်လိုပြောင်းလာသလဲ ဆိုတော့ အရင်တုန်းက ပြောလေ့ပြောထမရှိတဲ့ ဥပမာ မျှော်လင့်ချက် မရှိတော့တာတို့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိတော့တာတို့ အဲဒီလိုမျိုးပေါ့နော်၊ အဲဒီကနေ စပြီးတော့မှ ကူကယ်ရာမဲ့ ဖြစ်နေတဲ့ဟာမျိုး၊ တချို့ကျလည်း ကူကယ်ရာမဲ့ ဖြစ်နေတဲ့ဟာမျိုးထက်ကို ဘဝကြီးက ဘာမှ နေပျော်စရာ မရှိတော့ဘူး ပေါ့နော်၊ ဘာမှလည်း မျှော်လင့်ချက် မရှိတော့ဘူး၊ ဘာမှလည်း အဓိပ္ပာယ်မရှိတော့ဘူး ဆိုတာမျိုးတွေ ခဏခဏ ပြောလာတယ်ပေါ့နော်။”

ဒီအချက်တွေအပြင် လောကကြီးထဲက ပျောက်သွားချင်လိုက်တာလို့ ပြောဆိုလာတာမျိုး၊ ချစ်ရတဲ့ မိသားစု၊ ခင်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တဖြည်းဖြည်းချင်း အဆက်အသွယ်ဖြတ်လာတာမျိုး၊ စိတ်ခံစားမှု အတက်အကျ၊ အပြောင်းအလဲ မြန်လာတာမျိုး၊ ဆေးလိပ်၊ အရက်၊ ဆေးခြောက် စတာတွေ သုံးစွဲတာ ပိုများလာတာမျိုး၊ မိမိတန်ဖိုးထား အလေးထားတဲ့ ပိုင်ဆိုင်မှုတွေကို တပါးသူကို ခွဲဝေပေးတာမျိုး၊ မိမိကိုယ်ကို သေကြောင်းကြံစည်မဲ့ နည်းလမ်းတွေ ရှာဖွေနေတာမျိုး၊ စတာတွေက သတိပြုရမဲ့ အချက်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စိတ်ကျန်းမာရေး ပညာရှင်တယောက်လည်းဖြစ် Serenity Counseling & Mental Health Services တည်ထောင်သူလည်းဖြစ်တဲ့ Agnes Mary ကလည်း စိတ်ကျန်းမာရေး နာမကျန်းဖြစ်နေသူတွေ၊ စိတ်ဓာတ်ကျနေသူတွေ ဒါမှမဟုတ် သေကြောင်းကြံစည်ချင်စိတ် ဖြစ်ပေါ်နေသူတွေကို ကူညီဖေးမတဲ့အခါ ဆောင်ရန် ရှောင်ရန်တွေကိုလည်း သတိထားဖို့လိုတယ်လို့ ဆိုပါတယ်။

“သေချင်လား မေးရင် ဘယ်သူမှ မသေချင်ပါဘူး။ ဒါပေမဲ့ နာကျင်တာကိုတော့ ဘယ်သူမှ မခံနိုင်ဘူး။ နာကျင်မှုကို အဆုံးသတ်ချင်တယ်။ အဲဒီတော့ ကိုယ် မရှိတော့ဘူးဆိုတဲ့ နည်းလမ်းသည် နာကျင်မှုကို အဆုံးသတ်တယ်လို့ ထင်တတ်ကြတယ်။ ဒါကို ရွေးချယ်တတ်ကြတယ်။ နာကျင်မှုကို အဆုံးသတ်ချင်ကြတာ၊ ကိုယ့်အသက်ကို အဆုံးသတ်ချင်တာ မဟုတ်ပါဘူး။ ဒါကြောင့် နားထောင်ပါ ဆိုတဲ့အခါမှာ သူတို့ ဘာတွေ နာကျင်နေရလဲ ဆိုတာကို နားထောင်ပေးပါ။ တချိန်တည်းမှာ နားထောင်ရင်းနဲ့ သူတို့ဆီမှာ ဘာလေးရရင်ဖြင့် အားလေး မျှော်လင့်ချက်လေး ဖြစ်နေလဲ ဆိုတာကိုလည်း သတိထားပြီး နားထောင်ကြည့်ပါ။ နောက်ဆုံးတခုကကျတော့ ဘယ်မှာ အကူအညီတောင်းလို့ရလဲ၊ ဘယ်မှာ ပံ့ပိုးမှုယူလို့ရလဲ၊ ဘာတွေလုပ်လို့ရလဲဆိုတဲ့ အရာတွေကို လက်လှမ်းမီနိုင်မဲ့၊ အကူအညီရနိုင်မဲ့ အရာတွေကို အတူတူ ရှာဖွေပေးပါ၊ ပြင်ဆင်ပေးပါ။”

လူမှုအသိုင်းအဝိုင်းကြားမှာ စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်မှုနဲ့ သေကြောင်းကြံစည်လိုစိတ် ဖြစ်ပေါ်မှုတွေနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံတာ၊ အဆိုးမြင်တာ၊ ရှက်စရာအဖြစ် ရှုမြင်တာတွေဟာ သေကြောင်းကြံစည်မှု ကာကွယ်တားဆီးရေးအတွက် စိန်ခေါ်မှုတရပ် ဖြစ်နေဆဲပါ။ ဒါတွေကို တိုက်ဖျက်နိုင်ဖို့က အရေးကြီးတဲ့ အချက်တခုလည်း ဖြစ်ပါတယ်။

စိတ်ကျန်းမာရေးအထူးပြု ဆရာဝန် ဒေါက်တာမိုးက “ကိုယ့်ရဲ့ culture အပေါ်မှာလည်း မူတည်တာပေါ့နော်။ အထုံပါလာရင် လုပ်မှာပဲ။ အဲ တခုပြီးတခု သူ လုပ်နေမှာပဲ။ သူကတော့ ဒီတိုင်းပဲ သေသွားမှာပဲပေါ့နော်။ သူ့ကိုတော့ ကယ်လို့မရတော့ပါဘူး ဆိုတာမျိုး။ အဲဒီလိုမျိုးတွေက ဒါက ကျမတို့ တိုက်ဖျက်ရမဲ့ အဲ culture ရဲ့ ဟိုဟာတွေပေါ့နော် barrier တွေပေါ့။ ဆိုတော့ အဲဒီဟာတွေကိုတော့ ကျမတို့ ဒီ အဲ လူ လူမှုပတ်ဝန်းကျင်၊ လူမှုအဖွဲ့အစည်းက ဒါကို ဖျောက်စေချင်တယ်။ အဲ suicide ဆိုတာက prevent လုပ်လို့ရတယ်၊ တားဆီးလို့ရတယ်။ လူတယောက်ဟို ဥပမာ ရောဂါတခုနဲ့ လူတယောက် ဆေးကုသသလိုမျိုးပဲ စိတ်အခြေအနေတခု ပြင်းပြင်းထန်ထန် ဖြစ်လာတဲ့အခါမှာ သူ့ရဲ့ အဆုံးသတ်အနေနဲ့ စဉ်းစားတဲ့ ဒီဟာ ရလဒ်တခု ဖြစ်နေတာပေါ့နော်။ အဲဒီဟာကို စိတ်အခြေအနေ အဲ စတည်းကမှ ပြင်းထန်မသွားအောင် လုပ်လို့ရတဲ့ဟာတွေ လုပ်ကြမယ်။ ပြင်းထန်တဲ့ စိတ်အခြေအနေ ဖြစ်ခဲ့တယ်ဆိုရင်လည်း ဒီ suicide ကို မလုပ်သွားအောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ဟာကို ကျမတို့တွေက လုပ်လို့ရတယ်” လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကျန်းမာရေးဝန်ကြီးဌာနကလည်း တယ်လီကျန်းမာ အခမဲ့ အွန်လိုင်းဆေးခန်းကနေ အွန်လိုင်းကတဆင့် စိတ်ကျန်းမာရေး ဆွေးနွေးကုသပေးတာတွေနဲ့ မြေပြင်နဲ့ ချိတ်ဆက်ကုသမှုပေးတာတွေ လုပ်ဆောင်ပေးနေသလို မိမိကိုယ်ကို အဆုံးစီရင်မှုကို တားဆီးဖို့ Suicide Prevention Hotline (Telegram link https://t.me/zeroscbot) ကိုလည်း ဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေးနေတာတွေ ရှိပါတယ်။

စက်တင်ဘာလဟာ မိမိကိုယ်ကို သေကြောင်းကြံစည်မှု ကာကွယ်တားဆီးရေး အသိပညာပေးတဲ့လ ဖြစ်သလို အပြည်ပြည်ဆိုင်ရာ သေကြောင်းကြံစည်မှု ကာကွယ်တားဆီးရေးအဖွဲ့နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းပြီး ၂၀၀၃ ခုနှစ်က စတင်ကာ အပြည်ပြည်ဆိုင်ရာ သေကြောင်းကြံစည်မှု ကာကွယ်တားဆီးရေးနေ့ကို စက်တင်ဘာ ၁၀ ရက်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

နှစ်စဉ် စက်တင်ဘာ ၁၀ ရက် ရောက်တိုင်း သေကြောင်းကြံစည်မှုဆိုင်ရာ ပြဿနာကို သတိပြုမိဖို့၊ ခွဲခြားဆက်ဆံတာတွေကို လျှော့ချဖို့နဲ့ အသိပညာ မြှင့်တင်ဖို့ ရည်ရွယ်ပြုလုပ်လေ့ ရှိကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013