DVB Logo
Home
မြန်မာသတင်း
တောင်ဒဂုံတွင် စိတ်ကျန်းမာရေးမကောင်းသူ ပေါ်တာဆွဲခံရပြီး မိသားစုက လိုက်ထုတ်၍ မရ
DVB
·
October 5, 2026
Photo: GRACE
Photo: GRACE
Donate to DVB

ရန်ကုန်၊ တောင်ဒဂုံမြို့နယ် ၇၀ ရပ်ကွက်မှာ စိတ်ကျန်းမာရေးမကောင်းတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတယောက် ပေါ်တာဆွဲဖမ်းဆီးခံရပြီး မိသားစုဝင်တွေက ဆေးမှတ်တမ်းတွေနဲ့ လိုက်ထုတ်ပေမဲ့ ထုတ်မရဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။

စိတ်ကျန်းမာရေးမကောင်းတဲ့ အသက် ၃၅ နှစ်အရွယ် ကိုဝင်းညွန့်ဦးဟာ တောင်ဒဂုံမြို့နယ်က နေရာတခုမှာ ပေါ်တာဆွဲဖမ်းဆီးခံရပြီး ၆ လအကြာမှာ မိသားစုနဲ့ အဆက်အသွယ်ရခဲ့တာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။

“သူ့သားလေး ပျောက်သွားကတည်းက အမေဆို နေ့တိုင်း မျက်ရည်နဲ့မျက်ခွက်၊ ပြန်တွေ့တော့ စစ်ထဲရောက်နေပြီ။ မိသားစုဝင်တွေက ဆေးမှတ်တမ်းတွေယူပြီး စိတ်ရောဂါသည်ဖြစ်ကြောင်း တပ်ကိုတင်ပြပေမဲ့ စစ်တပ်က ပေးမထွက်ဘူး။”

၆ လကြာ ပျောက်ဆုံးနေတဲ့ စိတ်ရောဂါသည် မောင်ဖြစ်သူကို ပြန်တွေ့တဲ့အချိန်မှာ ယူကြုံးမရ ဖြစ်ရတဲ့ မိသားစုဝင်တွေဟာ စစ်တပ်ကို ဆေးရုံပြခဲ့တဲ့ ဆေးမှတ်တမ်းတွေနဲ့အတူ တင်ပြခဲ့တယ်လို့ အစ်မဖြစ်သူက GRACE Tiktok အကောင့်ကနေ စက်တင်ဘာ ၂၁ ရက်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

“သွားတွေ့ပြီး ပြန်တော့မယ်လုပ်တိုင်း သားနဲ့အတူပြန်မယ်၊ အမေ လာဆိုပြီး အမေ့လက်ကို ဆွဲခေါ်တော့တာ။ သား အဝတ်အစားတွေ သွားသိမ်း၊ အမေ တက္ကစီ ခေါ်လိုက်ဦးမယ်ဆိုပြီး တပ်သားတွေအကူအညီနဲ့ သူလည်း အဆောင်ပြန်၊ ကိုယ်တွေလည်း လိမ်ပြီးထားခဲ့ရ ပြန်လာရတယ်။ တလမ်းလုံးလည်း စိတ်မကောင်းဘူး။ ငိုပြီး ပြန်လာရတာ။ ငါ့သားလေး ပြန်လာကြည့်ရင် ငါတို့ကို တွေ့မှာမဟုတ်ဘူး၊ ငါ့သား အဆင်ပြေပါ့မလား၊ ငါတို့ လာပြန်ခေါ်မှာကို သူစောင့်နေရှာမှာ၊ ဘာဖြစ်နေပြီလဲ ဆိုတဲ့ အမေ့ရဲ့စကားတွေကလည်း ရင်ကိုကွဲအောင် ခံစားရတယ်။”

စစ်မှုထမ်းဥပဒေပုဒ်မ ၂၂ အရ သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင်သည်အမျိုးသမီးတွေနဲ့ သားသမီးရှိသူတွေ၊ အမြဲတမ်း ကိုယ်လက်မသန်စွမ်းသူတွေနဲ့ ဆေးစစ်ချက်အရ မသင့်လျော်သူတွေကို ခေါ်ယူလို့မရဘူးလို့ တရားလွှတ်တော်ရှေ့နေတယောက်က DVB ကို ပြောပါတယ်။

“ဥပဒေထဲမှာတော့ ဘုန်းကြီးတွေ၊ အိမ်ထောင်သည် အမျိုးသမီးနဲ့ ကလေးရှိသူတွေ၊ ကိုယ်အင်္ဂါ မသန်စွမ်းသူတွေ၊ ဆေးစစ်ချက်အရ စစ်မှုထမ်းဖို့ မသင့်တော်သူတွေ ဒါတွေကို ကင်းလွတ်ပေးထားတယ်။ ဒါပေမဲ့ လက်ရှိမှာက ဥပဒေနဲ့ တခြားစီဖြစ်နေတယ်။”

အလားတူ အဆိုပါဖြစ်စဥ်မျိုးကို စက်တင်ဘာ ၄ ရက်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် မြေနီကုန်းရပ်ကွက် နယ်မြေ ၆ မှာဖြစ်ခဲ့ပြီး အသက် ၂၂ နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းသူ မောင်ဝေယံအောင်ဟာ စစ်မှုထမ်းအတွက် ရောင်းစားခံရတယ်လို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

“မိဘနဲ့စိတ်ဆိုးပြီး ကြာအင်းဆိပ်ကြီးက မိဘတွေဆီပြန်သွားတာ လမ်းမှာ ကယ်ရီသမားက မုပွန် စစ်သားစုဆောင်ရေးတပ်မှာ ရောင်းစားလိုက်တယ်။ လက်ရှိ မိသားစုက လိုက်ထုတ်ဖို့ ကြိုးစားနေတယ်။”

ပြီးခဲ့တဲ့ သြဂုတ်နဲ့စက်တင်ဘာလအတွင်းက ရန်ကုန်မှာ လူငယ် ၆ ယောက်ကို ပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့ အင်းစိန် နဲ့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ အရန်မီးသတ်တပ်ခွဲမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ၁၇ ယောက် ဖမ်းဆီးခံရပေမဲ့ စစ်တပ်ဘက်က တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။

အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်မှုထမ်းဥပဒေကို ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ အသက်သွင်းခဲ့ပြီး မတ် ၂၄ ရက်က စတင်ခေါ်ယူခဲ့ရာ အခုဆို အပတ်စဥ် ၂၉ ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013