
တော်လှန်ရေးတပ်တွေ အများစုရှိတဲ့ ပခုက္ကူခရိုင်က စစ်အာဏာရှင်လက်အောက်ခံ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးသန်းဝင်း ဇွန် ၂၈ ရက် ညနေ ၅ နာရီက စစ်ရေးဖိအားတွေကြောင့် မိမိကိုယ်ကို သေကြောင်းကြံခဲ့ရာ ဆေးရုံတင်ထားရတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မနေ့ညက ပခုက္ကူမြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်မှာ ဒုရဲမှူးကြီးသန်းဝင်းဟာ အိမ်စီးကားအတွင်း မိမိကိုယ်ကို ကတ်ကြေးနဲ့ထိုးပြီး သတ်သေဖို့လုပ်ရာမှ ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရတယ်လို့ Non CDM ဝန်ထမ်းအသိုက်အဝန်းကနေ သိရပါတယ်။
“သူ တာဝန်ကျတဲ့ ခရိုင်မှာ မြို့နယ် ၅ မြို့နယ်နဲ့ မြို့ ၂ မြို့ရှိတယ်။ တမြို့မှ မအေးချမ်းဘူး။ ဒေသတွင်း တိုက်ပွဲတွေကလည်း မကြာခဏဖြစ်နေတော့ စစ်ဘက်၊ အရပ်ဘက် ပြဿနာမျိုးစုံနဲ့ ဖိအားတွေရပြီး သတ်သေဖို့ လုပ်တာနေမှာ။”
ဒုရဲမှူးကြီးသန်းဝင်းဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်က ပခုက္ကူခရိုင်ကို ရောက်ရှိလာပြီး တနှစ်ကျော်အကြာမှာ မိမိကိုယ်ကို သတ်သေဖို့ ကြိုးစားတာလို့ သူက ပြောပါတယ်။
သေကြောင်းမကြံခင်က ဒုရဲမှူးကြီးသန်းဝင်းဟာ မြိုင်မြို့နယ် Mi 17 ကိစ္စ၊ မြစ်ခြေရဲစခန်းကိစ္စ၊ လက်နက်စွန့်ခွာ ထွက်ပြေးတဲ့ ရဲပြေးကိစ္စတွေကို စစ်အုပ်စုလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနကို အစီရင်ခံ ဖြေရှင်းနေရတယ်လို့ Non CDM အသိုက်အဝန်းက သိရပါတယ်။
ပခုက္ကူခရိုင်အတွင်းမှာ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူနဲ့ ရေစကြိုမြို့နယ်တွေအပြင် ကမ္မနဲ့ မြစ်ခြေမြို့ ၂ မြို့လည်း ပါဝင်ပြီး အဆိုပါ မြို့ ၇ မြို့လုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေ အားကောင်းတဲ့နယ်မြေတွေ ပါဝင်ပါတယ်။
စစ်တပ် အာဏာသိမ်းပြီး စစ်အာဏာရှင်တပ်က ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အတွင်း ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး နေရာကို ဒုရဲမှူးကြီးတင်မိုးဦး၊ ဒုရဲမှူးကြီးဇေယျာလင်းအောင်၊ ဒုရဲမှူးကြီးသန်းဝင်းအထိ ပြောင်းရွှေ့ခန့်ထားခဲ့ပါတယ်။











