
အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေမှာရှိတဲ့ အာရက္ခပညာရေးဌာနအောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပြင်ပ ရွာခန့် စေတနာ့ဝန်ထမ်း (Volunteer) အကူအဖြစ် ဝင်ရောက် စာပြနေတဲ့ ဆရာ၊ ဆရာမတွေ အပါအဝင် စစ်ရှောင်တဲ့အချိန်ကတည်းက ပြသပေးနေတဲ့ ဆရာ၊ ဆရာမတွေနေရာမှာ အမြဲတမ်းပညာရေးဝန်ထမ်းတွေနဲ့ အာရက္ခပညာရေးဌာနက အစားထိုးခန့်ထားလိုက်တယ်လို့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။
အာရက္ခပညာရေး စတင်ချိန်မှာ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေကို အဓိကထားပြီး စတင်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်တွေက မူလတန်းဆရာ၊ ဆရာမတွေ ကျောင်းပြန်မဝင်တာ၊ ပြည်မဘက် ရောက်သွားတာတွေ အများကြီးရှိခဲ့တယ်လို့ ဆိုပါတယ်။
စေတနာ့ဝန်ထမ်း ပညာရေးဝန်ထမ်းတယောက်က “လွန်ခဲ့တဲ့နှစ်က နိုင်ငံရေး၊ ပညာရေး တည်ငြိမ်ခါစ ရှိလာတော့ တချို့ဆရာမတွေ ပြန်ဝင်လာကြတယ်။ အဲဒီအခါ Volunteer ဝင်ပြနေတဲ့ ဆရာ၊ ဆရာမတွေက စာပြနေရင်း အထုတ်ခံရတာ၊ နားခိုင်းခံရတာတွေ ရှိလာပြီး တချို့နေရာတွေမှာ လစာအနှိမ်ခံရတာတွေ၊ တန်းတူ မဆက်ဆံခံရတာတွေလည်း ရှိကြတယ်” လို့ ပြောပါတယ်။
ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေရဲ့ လုပ်သက်က တချို့က ၂ နှစ်နဲ့ အထက်ရှိသလို တချို့ဆိုရင်လည်း ၁ နှစ်နဲ့ နားလိုက်ရတာမျိုးရှိပြီး တချို့က ကျောင်းဖွင့်ကတည်းကနေ လုံးဝ ဝင်မပြရတဲ့ ဆရာ၊ ဆရာမတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
“Volunteer ဆရာ၊ ဆရာမတွေအတွက် အဓိက ပြဿနာက လိုအပ်နေချိန်မှာ ၁ နှစ်ဖြစ်စေ၊ ၂ နှစ်ဖြစ်စေ အကူအဖြစ် လုပ်ပေးခဲ့ပေမဲ့ အစိုးရခန့် ဆရာ၊ ဆရာမတွေ ရောက်လာတာနဲ့ ရုတ်တရက်ကြီး အလုပ်ရပ်ဆိုင်းခံလိုက်ရတဲ့ ကိစ္စပါ။ တဖက်မှာလည်း အစိုးရခန့် ဆရာ၊ ဆရာမတချို့က ကျောင်းပျက်တာတွေ၊ စာကို ထိထိရောက်ရောက် မပြတာတွေ တချို့ရွာတွေမှာ ရှိနေတယ်” လို့ အထက်တန်းပြ ဆရာတယောက်က ပြောပါတယ်။
မြောက်ဦးမြို့နယ်က ပညာရေးဝန်ထမ်းတယောက်က “Volunteer ဆရာ၊ ဆရာမတွေကို ဖြုတ်ချနေပါတယ်။ မနှစ်က အပြင်က ဆွဲခန့်ထားတဲ့ Volunteer ဆရာ၊ ဆရာမတွေကို ဒီနှစ်မှာတော့ မခန့်တော့ပါဘူး။ လက်ရှိ ကျောင်းမှာ ကျနေတဲ့ ဆရာ၊ ဆရာမတွေကိုတော့ အဆောင်မှာ လာနေခိုင်းပါတယ်။ တဖက်မှာလည်း Volunteer ဆရာ၊ ဆရာမတချို့ကို အာရက္ခပညာရေးဌာန ကိုယ်တိုင် ခန့်အပ်နေရာချပေးတာ ရှိပါတယ်။ မြေပုံသင်တန်း၊ ဖွားတော်သင်တန်းဆင်းတွေကို ဆိုရင်တော့ သူတို့ကိုယ်တိုင် Volunteer ဆရာ၊ ဆရာမအဖြစ် ခန့်အပ်ပေးတာတွေ ရှိတယ်” လို့ ပြောပါတယ်။
မြို့နယ်အလိုက် ကျောင်းအုပ်တွေကို ရုံးက ညွှန်ကြားထားခြင်းဖြစ်ပြီး အစိုးရခန့် ဆရာ၊ ဆရာမတွေ ဝင်ပြလာတဲ့အခါ အရင်က အဲဒီနေရာအတွက် ဘာသာရပ်တာဝန်ယူပြီး အစားပြပေးခဲ့တဲ့ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို ရပ်ဆိုင်းလိုက်တာပါ။
အာရက္ခပညာရေးဌာနက ပြီးခဲ့တဲ့ စက်တင်ဘာလကပြီး ကျောင်းသူ/သား တွေဆီကနေ တိုက်ရိုက်ကောက်ခံရရှိတဲ့ ကျောင်းလခတွေကို ဝန်ထမ်းလစာအဖြစ် ပေးချေခဲ့တဲ့ စနစ်အစား ပညာရေးဌာနကို ကျောင်းလခအားလုံးကို အပ်နှံပြီးမှ ဌာနက ပြန်လည်ခွဲဝေပေးတဲ့ စနစ်ကို ပြောင်းလဲခဲ့တယ်လို့ သိရပါတယ်။
တဖက်မှာလည်း အာရက္ခပြည်သူ့အစိုးရဘက်က ပညာရေးဝန်ထမ်းတွေအတွက် လစာငွေကို တိုက်ရိုက်ထောက်ပံ့ပေးနိုင်ခြင်း မရှိသေးဘဲ ကျောင်းသားတွေထံက ကောက်ခံရရှိတဲ့ ကျောင်းလခတွေကိုသာ အဓိက အားထားပြီး ပညာရေးဝန်ထမ်းတွေရဲ့ လစာနဲ့သက်ဆိုင်ရာ ကုန်ကျစရိတ်တွေ ဖြေရှင်းပေးနေရတယ်လို့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။
အာရက္ခပြည်သူ့အစိုးရ (ULA/AA) က ပြီးခဲ့တဲ့ စက်တင်ဘာလက စတင်ပြီး အာရက္ခဒေသတွင်းရှိ ပညာရေးဝန်ထမ်း ဆရာ/ဆရာမတွေရဲ့ လစာကို Volunteer ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့်မခွဲခြားဘဲ တလကို ညီမျှတဲ့ လစာ ကျပ် ၂ သိန်းနှုန်း သတ်မှတ်ပေးခဲ့ပါတယ်။











