
ဧရာဝတီတိုင်းမှာ စက်သုံးဆီတရားမဝင် သယ်ယူရောင်းချတယ်ဆိုပြီး အရပ်သား ၄ ယောက်ကို စစ်အာဏာရှင် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၇ ရက်မှာ လပွတ္တာမြို့နယ်က အသက် ၅၀ ကျော် အရွယ် တင်ကိုကိုလတ် (ခ) မိုဟာမတ်၊ ဇွန် ၈ ရက်မှာ ရေကြည်မြို့နယ်က ဘုရားကြီးကျေးရွာက အသက် ၄၀ ကျော်အရွယ် ကိုမင်းသူနဲ့ ကိုလှဝင်း၊ဇွန် ၉ ရက်မှာ သာပေါင်းမြို့နယ် သစ်ပြူကျေးရွာက အသက် ၅၀ ကျော်အရွယ် ဦးလှထွန်း တို့ကို တရားမဝင်စက်သုံးဆီရောင်ချမှု၊ စက်သုံးမှောင်ခိုဆီသယ်ယူမှုနဲ့ စစ်အာဏာရှင်ရဲတပ်ဖွဲ့က ၃ ရက်အတွင်း ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က ''ရဲတွေကပဲ ဖမ်းဆီးခဲ့တာ။ သတင်းပေးသူတွေကြောင့် ဖမ်းဆီး ခဲ့တာလို့ သိရပါတယ်။ အဖမ်းခံရသူတွေကို သက်ဆိုင်ရာရဲစခန်းတွေမှာ အမှုဖွင့်ထားတယ်” လို့ ပြောပါတယ်။
အဖမ်းခံရတဲ့အရပ်သား ၄ ယောက်ဟာ လယ်ယာလုပ်ငန်း၊ တနိုင်တပိုင် စက်သုံးဆီရောင်းချတဲ့ လုပ်ငန်း၊ ရေယာဉ်အငှားလိုက်တဲ့ လုပ်ငန်း လုပ်ကိုင်သူတွေဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဖမ်းခံရတဲ့သူတွေနဲ့ နီးစပ်သူတယောက်က ''ရေကြည်ဘက်က အဖမ်းခံရတဲ့တွေက လယ်သမား တွေပါ။ ဒီဇယ်ဆီတွေကို လယ်ယာလုပ်ငန်းမှာသုံးဖို့ ဝယ်လာတဲ့သူတွေအပါအဝင် အားလုံး ၄ ယောက် အဖမ်းခံရတာ” လို့ ပြောပါတယ်။
အဖမ်းခံရတဲ့အရပ်သား ၄ ယောက်ကို စစ်အာဏာရှင် ရဲတပ်ဖွဲ့က ရေနံနဲ့ ရေနံထွက်ပစ္စည်းများ ဆိုင်ရာဥပဒေပုဒ်မ ၃၇ နဲ့ ရေကြည်၊ သာပေါင်း၊ လပွတ္တာသက်ဆိုင်ရာရဲစခန်းတွေမှာ အမှုဖွင့် ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။










