
မြန်မာနိုင်ငံမှာ ၂၀၂၁ ခု စစ်အာဏာသိမ်းပြီး ဒီနေ့အထိ ဆက်လက်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြား မြန်မာပြည်သူတွေရဲ့ ခုခံတော်လှန်မှု၊ မျှော်လင့်ချက်နဲ့ ပြန်လည်ထူထောင်နိုင်စွမ်းတို့ကို ထင်ဟပ်ပြသဖို့ ရည်ရွယ်တဲ့ လူထုဆွေးနွေးပွဲတခုကို ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ မတ် ၁၈ ရက်က ပြုလုပ်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲလုပ်ရတာနဲ့ပတ်သက်ပြီး ဦးဆောင်သူ ဩစတြေးလျရှေ့နေ ကိုကိုအောင်က “လတ်တလောမှာ ကမ္ဘာအရပ်ရပ်က နိုင်ငံတော်တော်များများမှာ ပြည်တွင်းရေး ပြည်ပရေး ပြဿနာတွေ စစ်မက်တွေ ဖြစ်ပွားလာနေတာကြောင့် မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ကိစ္စတွေကို ဩစတြေးလျနိုင်ငံက မေ့သွားမှာ၊ မှေးမှိန်သွားမှာကို စိုးရိမ်တာကြောင့် အခုလိုမျိုး မကြာခဏ ဆွေးနွေးပွဲလေးတွေ၊ လူထုတွေ့ဆုံပွဲလေးတွေ လုပ်ပေးရင်း သူတို့ သတိရစေဖို့အတွက် ရည်ရွယ်ပြီး လုပ်တာဖြစ်တယ်။ အဲဒီအတွက် ဩစတြေးလျနိုင်ငံက ထင်ရှားသူတွေ၊ မြန်မာ့အရေး စိတ်ဝင်စားတဲ့ ဩစတြေးလျ နိုင်ငံသားတွေကိုပါ တကူးတက ဖိတ်ကြားပြီး ဆွေးနွေးပွဲတခု ပုံစံနဲ့ အခုလို ပြုလုပ်ခဲ့တာ“ လို့ ပြောပါတယ်၊
ဆွေးနွေးပွဲ တက်ရောက်သူ ဩစတြေးလျ နိုင်ငံသားတယောက်က မြန်မာနိုင်ငံရဲ့ လတ်တလော ကိစ္စတွေ၊ စစ်ဘေးရှောင်တွေရဲ့ အခြေအနေတွေကို ပါဝင်ရောက်ဆွေးနွေးခဲ့ပြီး မေးခွန်းမေးတာတွေ ကို တာဝန်ရှိသူတွေက ပြန်လည်ဖြေကြားပေးခဲ့တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲမှာ ဩစတြေးလျတက္ကသိုလ်က ကျောင်းသားတွေရိုက်ကူးထားတဲ့ “ခုခံတော်လှန်မှုမှ ပြန်လည်ထူထောင်နိုင်မှုသို့ – မြန်မာပြည်၏ အသံများ” အမည်ရှိ မှတ်တမ်းရုပ်ရှင်ဇာတ်လမ်းတို တခုကို ပြသခဲ့ပါတယ်။
ဆွေးနွေးပွဲကိုတော့ စီးပွားရေးပညာရှင်နဲ့ မြန်မာ့ရေးရာလေ့လာသူ Sean Turnell၊ သုတေသနပညာရှင် Patrick Burgess၊ ရိုဟင်ဂျာ လူမှုအသိုက်အဝန်းခေါင်းဆောင် Noor Azizah၊ လူ့အခွင့်အရေးနှင့် လူမှုရေးလုပ်ငန်းရှင် မဆန်းမေသူ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေရှေ့နေ ဦးကိုကိုအောင်တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါဆွေးနွေးပွဲ အဆိုတော် ယုဇန က တော်လှန်ရေးသီခြင်းတွေနဲ့ ဖျော်ဖြေခဲ့သလို၊ တက်ရောက်လာသူတွေကိုလည်း အစားအစာတွေနဲ့ ဧည့်ခံကာ အလှူငွေ လက်ခံတာတွေပါ ပြုလုပ်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲကို ဆစ်ဒနီမြို့က Leichhart Town Hall မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရရှိတဲ့ အလှူငွေတွေကို၊ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Sunshine Care Center အတွက် လှူဒါန်းသွားမယ်လို့ သိရပါတယ်။










