
ရန်ကုန်-မန္တလေးလမ်းမကြီး၊ နေပြည်တော်ကောင်စီနယ်မြေအဝင်နားက စစ်ကောင်စီတပ်ရဲ့ စုံစမ်းစစ်ဆေးရေးဂိတ်ကို ဝရဇိန်တပ်ဖွဲ့က ဒရုန်းနဲ့ ဝင်ရောက်တိုက်ခိုက်ပြီး စစ်တပ်ဘက်က ၇ ယောက် ထိခိုက်မိတယ်လို့ တပ်ရင်းက မတ် ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
မတ် ၂၁ ရက် မွန်းလွဲ ၁၂ နာရီဝန်းကျင်မှာ ဝရဇိန်တပ်ဖွဲ့ရဲ့ Operation Fly Over Urban (Yae Ni) အဖြစ် အဆင့်မြင့် Anti- Jamming FPV အသေခံဒရုန်းတွေနဲ့ ဂိတ်ကို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဝရဇိန်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ကနဦးတော့ ၇ ယောက်ထိတယ်လို့ ကြားတယ်။ ဒါပေမဲ့ အသေအပျောက်တော့ အတည်မပြုနိုင်သေးဘူးပေါ့နော်။ အခန်းထဲထိ ဒရုန်းတွေဝင်ပြီးတော့ ရှင်းလင်းနိုင်ခဲ့တဲ့ အခြေအနေပေါ့လေ” လို့ ပြောပါတယ်။
စစ်ဆင်ရေး ဆောင်ရွက်နေချိန်မှာ စစ်ကောင်စီဘက်က Jammer တွေ၊ Spoofer တွေအပြင် လက်နက်ငယ်တွေနဲ့ တန်ပြန်ပစ်ခတ်ခဲ့ပေမဲ့ ပစ်မှတ်နေရာကို တိတိကျကျ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်စုပေါင်းဂိတ်က ပြည်သူတွေအပေါ် ငွေကြေးအတင်းကောက်ခံတာ၊ ကုန်စည်စီးဆင်းမှုကို ဥပဒေမဲ့ ဟန့်တားနှောင့်ယှက်တာတွေ လုပ်နေတဲ့ ဂိတ်တခု ဖြစ်ပါတယ်။
ဒီစစ်ဆင်ရေးကို ဝရဇိန်တပ်ဖွဲ့၊ ဇာမဏီတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မြေပြင်ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။








