
မြန်မာတနိုင်ငံလုံးမှာ ရုပ်တုတွေ တခုပြီးတခု ပျောက်ကွယ်လာနေပါတယ်။ စစ်တပ်ကျောထောက်နောက်ခံပြု အာဏာပိုင်တွေကတော့ "အချိုးအစားနဲ့ ပုံပန်းသဏ္ဌာန် မကျလို့" ဆိုပြီး အကြောင်းပြကြပါတယ်။ ဒါပေမဲ့ လေ့လာသူတွေကတော့ ဒါဟာ လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ်တွေကို အများပြည်သူမြင်ကွင်းကနေ ဖျောက်ဖျက်ပစ်ဖို့ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာလို့ ရှုမြင်ကြပါတယ်။ အဲဒီလို ဖျောက်ဖျက်တာနဲ့အတူ သူတို့ ဖြုတ်ချခဲ့တဲ့ ရွေးကောက်ခံအစိုးရရဲ့ တရားဝင်မှုကိုပါ ဖျက်ဆီးပစ်ဖို့ ကြိုးစားနေတာပါ။
နိုင်ငံရဲ့ ဖခင်ကြီးအဖြစ် ရိုသေလေးစားခံရတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့သူ၊ ကွဲပြားနေတဲ့ တိုင်းရင်းသားလူမျိုးစုတွေကို စည်းလုံးစေခဲ့သူနဲ့ ဗြိတိသျှကိုလိုနီ လက်အောက်ကနေ လွတ်လပ်ရေးရအောင် အမျိုးသားရေးလှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ ခေတ်သစ် မြန်မာနိုင်ငံအတွက် အခြေခံအုတ်မြစ်ချပေးခဲ့တဲ့ ၁၉၄၇ ပင်လုံစာချုပ်ကို အောင်မြင်အောင် စေ့စပ်ပေးခဲ့ပြီးနောက် လပိုင်းအကြာမှာပဲ သူ လုပ်ကြံခံခဲ့ရပါတယ်။ သူ လုပ်ကြံခံရပြီးနောက် ဆယ်စုနှစ် ရှစ်ခုနီးပါး ကာလတလျှောက်လုံး၊ သူကိုယ်တိုင် မအုပ်ချုပ်လိုက်ရတဲ့ ဒီနိုင်ငံကြီးကို သူ့ရဲ့ ရုပ်တုတွေကပဲ စောင့်ကြည့်နေခဲ့ရတာပါ။ အဲဒီရုပ်တု တော်တော်များများဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာပြန်မသိမ်းခင်၊ သူ့သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ အုပ်ချုပ်ခဲ့တဲ့ ဒီမိုကရေစီ အကူးအပြောင်း ကာလတိုလေးအတွင်းမှာ စိုက်ထူခဲ့ကြတာ ဖြစ်ပါတယ်။
အခုလို ရုပ်တုတွေကို ဖယ်ရှားနေတာဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းအမွေအနှစ်တွေကို "မှေးမှိန်သွားအောင်" ကြိုးစားတာပဲဖြစ်တယ်လို့ စင်ကာပူနိုင်ငံ S. Rajaratnam နိုင်ငံတကာလေ့လာရေးကျောင်းက အာရှသမိုင်းနဲ့ နိုင်ငံတကာဆက်ဆံရေး အထူးပြု လက်ထောက်ပါမောက္ခ ဂျိမ်းစ် ချာက ပြောပါတယ်။
တကယ်လို့ အောင်မြင်မယ်ဆိုရင်တောင် ဒီစီမံကိန်းဟာ ပြီးမြောက်ဖို့ နှစ်နဲ့ချီ အချိန်ယူရလိမ့်မယ်လို့ သူက ပြောပါတယ်။ အတုအယောင်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခံထားရတဲ့ ရွေးကောက်ပွဲအပြီးမှာ သမ္မတအဖြစ် ခံယူကာ ဒေသတွင်း အသိအမှတ်ပြုမှု ရှာဖွေနေတဲ့ စစ်အာဏာရှင် မင်းအောင်လှိုင် အတွက်တော့ "လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အကျိုးအမြတ်" တွေ ရလာဖို့ အတော်လေး နှေးကွေးနေဦးမယ်လို့ သူက ထပ်လောင်းပြောပါတယ်။
ထိုင်း၊ လာအိုတို့နဲ့ ဆက်ဆံရေး ပြန်လည်တည်ဆောက်နေပြီး တရုတ်၊ အိန္ဒိယတို့နဲ့ ဆက်ဆံရေး ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်နေတဲ့ မင်းအောင်လှိုင်ရဲ့ လက်ရှိ သံတမန်ရေး ခြေလှမ်းတွေဟာ သူတို့ဖန်တီးထားတဲ့ သမိုင်းကြောင်းအသစ်တခုအပေါ်မှာ အခြေခံနေပါတယ်။ ဒါပေမဲ့ အဲဒီသမိုင်းကြောင်းဟာ အခု ရုပ်တုတွေ ညွှန်ပြနေတဲ့ တကယ့်သမိုင်းနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ မြန်မာ့စစ်အာဏာရှင်စနစ်နဲ့ ရိုဟင်ဂျာ အကျပ်အတည်းကို နှစ်နဲ့ချီ လေ့လာခဲ့တဲ့ နယ်သာလန်နိုင်ငံ Erasmus တက္ကသိုလ်က လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ပါရဂူဘွဲ့ သုတေသီ ယူယွန် ဝါရူနင်ရမ် အတွက်တော့ အခုလို ရုပ်တုတွေ ဖယ်ရှားတာဟာ သမိုင်းကို ပြန်လည်ပြင်ဆင်ရေးသားဖို့ ကြိုးစားတဲ့ လုပ်ရပ်တခု ဖြစ်ပြီး "မြန်မာပြည်သူအားလုံးနဲ့ သက်ဆိုင်ရမဲ့ ပုဂ္ဂိုလ်တဦးကို နိုင်ငံရေးအမြတ်ထုတ်တာပဲ" လို့ ဆိုပါတယ်။
ယူယွန် ဝါရူနင်ရမ်က "အများပြည်သူမြင်ကွင်းက အထိမ်းအမှတ် အဆောက်အအုံတွေ၊ ရုပ်တုတွေဆိုတာ လူထုတရပ်လုံးရဲ့ အမှတ်လက္ခဏာကို ဖော်ပြနေတဲ့ အားကောင်းတဲ့ အရာတွေပါ။ အစိုးရတရပ်က တိုင်းပြည်တည်ထောင်သူ ဖခင်ကြီးရဲ့ အထိမ်းအမှတ်တွေကို ဖယ်ရှားလိုက်ပြီဆိုရင် ဒါဟာ သမိုင်းကြောင်း ဇာတ်လမ်းနဲ့ နိုင်ငံရေးအရ တရားဝင်မှု ရယူထားတဲ့ အရင်းအမြစ်တွေကို အသစ်ပြန်လည်သတ်မှတ်ဖို့ ကြိုးစားနေတာပါပဲ" လို့ ပြောပါတယ်။
အထိမ်းအမှတ် ရုပ်တုတွေကို ဖယ်ရှားလိုက်ရုံနဲ့ တရားဝင်မှုဆိုတာကို လွယ်လွယ်ကူကူ "ဖန်တီး" ယူလို့ မရဘူးလို့ ဝါရူနင်ရမ်က ဆိုပါတယ်။
"နိုင်ငံတနိုင်ငံ တည်ထောင်ခဲ့တဲ့ သမိုင်းကြောင်းဟာ ခေတ်ပြိုင် နိုင်ငံရေးပဋိပက္ခတွေကြားမှာ သားကောင် မဖြစ်သင့်ပါဘူး။ ဒီလိုလုပ်ရပ်တွေက ဗိုလ်ချုပ်အောင်ဆန်းရော၊ သူ့သမီးရဲ့ ဒီမိုကရေစီ အမွေအနှစ်တွေရဲ့ ဩဇာလွှမ်းမိုးမှုအပေါ် စစ်တပ်က အခုထိ မလိုမုန်းထား ဖြစ်နေတုန်းပဲဆိုတဲ့ ပြည်သူတွေရဲ့ အမြင်ကို ပိုပြီး ခိုင်မာသွားစေပါလိမ့်မယ်။”
ဒီဗျူဟာဟာ တိုင်းပြည်ရဲ့ အနာတရတွေကို ကုစားပေးဖို့ထက် အကွဲအပြဲတွေကို ပိုမိုနက်ရှိုင်းသွားစေနိုင်တဲ့ အန္တရာယ်ရှိသလို "အကျပ်အတည်းကာလတွေကို ကျော်ဖြတ်ဖို့ လူ့အဖွဲ့အစည်းတွေ လိုအပ်တဲ့ ဘုံသမိုင်းမှတ်ဉာဏ်" ကို ဖျက်ဆီးပစ်ရာ ရောက်တယ်လို့လည်း သူက ထောက်ပြပါတယ်။
'အန္တရာယ်ရှိတဲ့' အမွေအနှစ်
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိ မြန်မာစစ်အာဏာရှင်ဟာ ဆန့်ကျင်ဘက် အမြင်တွေကို ရက်ရက်စက်စက် နှိမ်နင်းတာ၊ သူတို့ရဲ့ အာဏာကို လက်မခံတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ တော်လှန်ရေး အင်အားစုတွေနဲ့ ဖြစ်နေတဲ့ ပြည်တွင်းစစ်ထဲ ပြည်သူတွေကို အတင်းအကျပ် စစ်မှုထမ်းခိုင်းတာနဲ့ ဒီလုပ်ငန်းစဉ်တွေအတွင်း အရပ်သား ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
ဒါပေမဲ့ အဲဒီလောက် ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်တောင်မှ ဗိုလ်ချုပ်အောင်ဆန်းကိုတော့ လျစ်လျူရှုထားလို့ မရဘူးလို့ မြန်မာနိုင်ငံရဲ့ အမျိုးသားရေးဝါဒနဲ့ နိုင်ငံတည်ဆောက်ရေးအကြောင်း လေ့လာခဲ့တဲ့ ကင်ဘာရာတက္ကသိုလ်က နှိုင်းယှဉ်နဲ့ နိုင်ငံတကာပညာရေးဆိုင်ရာ တွဲဖက်ပါမောက္ခ ဝီလ်ဘရမ်းမ်က ဆိုပါတယ်။
"သူ့ရဲ့ သမိုင်းအမွေအနှစ်ဟာ နိုင်ငံရဲ့ အမျိုးသားအမှတ်လက္ခဏာအတွက် အရမ်းကို အရေးပါလွန်းပါတယ်" လို့ ဘရမ်းမ်က ပြောပါတယ်။
"ဒါပေမဲ့ အစိုးရတိုင်းက သူ့ရဲ့ အမှတ်တရတွေကို ရွေးချယ်ပြီး စီမံခန့်ခွဲခဲ့ကြတာပါ။ သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် အထောက်အကူဖြစ်စေမဲ့အရာတွေကိုပဲ ထားရှိပြီး အထောက်အကူ မဖြစ်တာတွေကိုတော့ မှေးမှိန်အောင်လုပ်၊ ဒါမှမဟုတ် ဖျောက်ဖျက်ပစ်လေ့ ရှိကြပါတယ်။"
၁၉၉၀ ရွေးကောက်ပွဲ (နောက်ပိုင်းမှာ စစ်တပ်က ပယ်ဖျက်ခဲ့တဲ့ ရွေးကောက်ပွဲ) မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက တောင်ပြိုကမ်းပြို အနိုင်ရကတည်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမှတ်တရတွေဟာ စစ်ဗိုလ်ချုပ်တွေအတွက် "နိုင်ငံရေးအရ အန္တရာယ်ရှိတဲ့" အရာတွေ ဖြစ်လာခဲ့ပါတယ်။
"စစ်အစိုးရက ငွေစက္ကူတွေ၊ အစိုးရရုံးတွေကနေ သူ့ရဲ့ ပုံတူပန်းချီကားတွေကို ဖယ်ရှားခဲ့တယ်။ ကျောင်းသုံးစာအုပ်တွေထဲမှာ သူ့အကြောင်း ပါဝင်မှုကို လျှော့ချခဲ့ပြီး ဗိုလ်ချုပ်ပြတိုက်ကိုလည်း ပိတ်ပစ်ခဲ့တယ်" လို့ ရန်ကုန်မြို့က လွတ်လပ်ရေးသူရဲကောင်းရဲ့ နေအိမ်ဟောင်းကို ရည်ညွှန်းပြီး ဘရမ်းမ်က ပြောပါတယ်။
သမီးဖြစ်သူရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေနဲ့ လုံးဝ မသက်ဆိုင်တော့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ်မျိုးကသာ စစ်အုပ်စုအတွက် သူတို့နောက်ကွယ်ကနေ အကာအကွယ်ယူဖို့နဲ့ ခုတုံးလုပ် အသုံးချဖို့ အများကြီး ပိုလွယ်ကူသွားတယ်လို့ သူက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့လကမှ အသက် ၈၁ နှစ် ပြည့်သွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း နေပြည်တော်က နေအိမ်တအိမ်မှာ အကျဉ်းချ ဖမ်းဆီးခံထားရတယ်လို့ ယူဆရပြီး သူဘယ်မှာရှိနေတယ်ဆိုတာ အတိအကျကို မိသားစုဝင်တွေကတောင် မသိရပါဘူး။ ၂၀၂၂ ခုနှစ်ကတည်းက မိသားစုရော သူ့ရဲ့ ရှေ့နေတွေပါ သူနဲ့ တိုက်ရိုက် စကားပြောဆိုခွင့် မရခဲ့တဲ့အတွက် သူ သက်ရှိထင်ရှား ရှိနေသေးကြောင်း သက်သေပြဖို့ တောင်းဆိုမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။
"ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို သီးခြား နေအိမ်မှာ အချုပ်ချထားတဲ့ ကိစ္စသက်သက် မဟုတ်ပါဘူး။ စစ်အုပ်စုအနေနဲ့ ဘယ်တုန်းကမှ အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့တဲ့ သမိုင်းအမွေအနှစ်တခုကို ဆက်လက် စီမံခန့်ခွဲဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်" လို့ ဘရမ်းမ်က ဆိုပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းအမွေအနှစ်ဟာ မြန်မာတနိုင်ငံလုံးက လူတိုင်းအတွက် တန်းတူညီမျှ မဖြစ်ခဲ့ပါဘူး။ ကရင်၊ ရှမ်း၊ ထားဝယ်နဲ့ တခြား တိုင်းရင်းသား လူနည်းစုတွေ အတွက်တော့ သူ့ရဲ့ အမှတ်တရတွေဟာ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အာမခံထားတဲ့ ပင်လုံစာချုပ်က မပြည့်ဝခဲ့တဲ့ ကတိကဝတ်တွေနဲ့ ရောထွေးနေပါတယ်။
အဆက်ဆက်သော နေပြည်တော် အစိုးရတွေကလည်း ဘဏ္ဍာရေး အထောက်အပံ့နဲ့ သယံဇာတ ခွဲဝေမှုတွေမှာ တန်းတူညီမျှရှိရေးထက် ဗဟိုကနေ ချုပ်ကိုင်တဲ့စနစ်ကိုပဲ ရွေးချယ်ပြီး အဲဒီသမိုင်းအမွေအနှစ် (ပင်လုံကတိကဝတ်) ကို အကောင်အထည်မဖော်ဖို့ဘဲ ရွေးချယ်ခဲ့ကြပါတယ်။
တကယ်တမ်းမှာတော့ အခုလက်ရှိ ရုပ်တုတွေနဲ့ ပတ်သက်ပြီး အားပြိုင်နေမှုတွေဟာ ဒီလို တိုင်းရင်းသားဒေသတွေမှာ ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်လို မှတ်မိနေကြသလဲ (ဒါမှမဟုတ် လုံးဝ မှတ်မိရဲ့လား) ဆိုတာနဲ့ ပတ်သက်ပြီး ဖော်ပြနိုင်စွမ်း သိပ်မရှိဘူးလို့ ဘရမ်းမ်က ဆိုပါတယ်။ ဒါကြောင့် "အခုလို ရုပ်တုတွေ ဖယ်ရှားနေတာကို အပြီးတိုင် ဖျောက်ဖျက်ပစ်လိုက်ပြီလို့တော့ အလွယ်တကူ ကောက်ချက်မချသင့်ဘူး" လို့ သူက သတိပေးပါတယ်။
"ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမှတ်တရတွေဟာ အရင်က ဒီထက်ပိုဆိုးတဲ့ ဖိနှိပ်ဖျောက်ဖျက်ဖို့ ကြိုးစားမှုတွေကြားကနေတောင် ရှင်သန်နိုင်ခဲ့တာပါ" လို့ သူက ပြောပါတယ်။ "ထူးဆန်းတာတခုက သူ့ရဲ့ အာဇာနည်ပီသတဲ့ ဂုဏ်ပုဒ်ဟာ နောက်တက်လာမဲ့ ဘယ်အစိုးရအတွက်မဆို အသုံးဝင်နေတာပါပဲ။"
မာရီယာရှောင်
(ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းစာတွင် အာရှရေးရာ အကြီးတန်းသတင်းထောက် Maria Siow ရေးသားထားသည့် ‘Defanging’ Aung San: Myanmar’s generals wage war on memory’ ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)










