
နီပေါနိုင်ငံ၊ ထရီရှူလီမြစ်တလျှောက် ရေအားလျှပ်စစ်စီမံကိန်းတွေမှာ ပိတ်မိနေတယ်လို့ ယူဆရတဲ့ လုပ်သား ၆၀၀ ကျော်ဆီ ရောက်ရှိနိုင်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေ ဩဂုတ် ၃၁ ရက်က တောင်စောင်း တွေကို ဖောက်ခွဲခဲ့ပါတယ်။
Trishuli-3A စီမံကိန်းမှာ ကျောက်တုံးနဲ့ ရွှံ့တွေဖုံးလွှမ်းနေတဲ့ ဥမင်တွေဆီ ဝင်ရောက်နိုင်ဖို့ ဖောက်ခွဲ ပြီးနောက် ဥမင်ထဲကို လေထည့်ပေးခဲ့ပါတယ်။
နီပေါ-တိဘက် နယ်စပ်ရေဘေးကြောင့် နီပေါဘက်မှာ သေဆုံးသူ ၉၃၉ ယောက်အထိ ရှိလာပြီး ပျောက်ဆုံးသူ ၃,၉၂၅ ယောက် ရှိတယ်လို့ နီပေါ သဘာဝဘေးစီမံခန့်ခွဲရေးအာဏာပိုင်တွေက ဆိုပါတယ်။
ပျောက်ဆုံးသူတွေထဲက ၆၀၀ နီးပါးဟာ ရေအားလျှပ်စစ်စီမံကိန်းတွေမှာ အလုပ်လုပ်နေသူတွေ ဖြစ်တယ်လို့ ယူဆထားပါတယ်။
စီမံကိန်းတွေက လုပ်သား ၂၇၉ ယောက်ကိုတော့ ကယ်တင်ထားနိုင်ပြီလို့ နီပေါဝန်ကြီးချုပ် ဘာလန်ဒရာရှားက ပြောပါတယ်။
ကယ်ဆယ်ရေးကို နီပေါနဲ့ တရုတ်စစ်ဘက်အဖွဲ့တွေ ဦးဆောင်နေပြီး အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ ဩစတြေးလျက ကျွမ်းကျင်သူတွေလည်း ပါဝင်နေပါတယ်။
ကျောက်တုံးကြီးတွေ၊ ရွှံ့တွေနဲ့ မြေပြင်အသွင်အပြင် ပြောင်းလဲသွားတာကြောင့် ဥမင်ဝင်ပေါက်တွေ ကို တိတိကျကျ ရှာဖွေရတာ အလွန်ခက်ခဲနေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ပိတ်မိနေသူတယောက်ရဲ့ ဆွေမျိုးဂျီဘန်ခတ်ဒ်က “အချိန်ကြာလာလေလေ မျှော်လင့်ချက် လျော့လာ လေလေပါပဲ။ စက္ကန့်တိုင်းက ကျနော်တို့အတွက် အရေးကြီးပါတယ်” လို့ ပြောပါတယ်။
ဝန်ကြီးချုပ်ရှားက ဒီရေဘေးဟာသာမန်ဖြစ်ရပ်တခုမဟုတ်ဘူးလို့ ဆိုပြီး ဟိမဝန္တာဒေသမှာ ရာသီဥတု ပြောင်းလဲမှုနဲ့အတူ သဘာဝဘေးအန္တရာယ်တွေ ပိုပြင်းထန်လာနေတယ်လို့ ပြောပါတယ်။
Source:Reuters











