DVB Logo
Home
နိုင်ငံတကာ
အမေရိကန်တွင် ကုန်စျေးနှုန်း ပြန်ထိုးကျလာလိမ့်မည်ဟု ထရမ့်ပ်ပြော
DVB
·
June 12, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန်နိုင်ငံရဲ့ ကုန်ဈေးနှုန်းတွေ ၃ နှစ်အတွင်း အမြန်ဆုံးနှုန်းထားနဲ့ မြင့်တက်လာချိန်မှာ သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ ကုန်ဈေးနှုန်းတွေ ထိုးကျလာလိမ့်မယ်၊ ငွေကြေးဖောင်းပွမှုကို သဘောကျတယ်လို့ ပြောသွားပါတယ်။

အမေရိကန် အလုပ်သမားရေးရာ စာရင်းအင်းဌာနရဲ့ ကိန်းဂဏန်းတွေအရ မေလတုန်းက ကုန်ဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့နှစ် ကာလတူထက် ၄ ဒသမ ၂ ရာခိုင်နှုန်းအထိ တက်လာတာကို တွေ့ရပါတယ်။

အီရန်စစ်ပွဲကြောင့် စွမ်းအင်ဈေးနှုန်းတွေ ကြီးမြင့်လာတာနဲ့အမျှ ဧပြီလမှာ ၃ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိခဲ့ရာကနေ အခုလိုမျိုး အမြင့်ဆုံးအတိုင်းအတာကို ရောက်လာခဲ့တာပါ။

ထရမ့်ပ်က "ကျုပ် အဲဒါသဘောကျတယ်။ အလွန်ကောင်းမွန်တဲ့ ကိန်းဂဏန်းတွေပါ။ ဘာကို တကယ်သဘောကျတာလဲဆိုရင် ငွေကြေးဖောင်းပွမှုပါပဲ" ဆိုပြီး အိမ်ဖြူတော်မှာ မှတ်ချက်ပေးပါတယ်။

ဒါပေမဲ့ အီရန်နဲ့စစ်ပွဲ ပြီးဆုံးရင်တော့ ဈေးတက်နေတာတွေဟာ ကျောက်ခဲတုံး ပြုတ်ကျသလို ထိုးကျသွားမှာ ဖြစ်တယ်လို့လည်း ကတိပြုပါတယ်။

“ဒီပဋိပက္ခ အဆုံးသတ်တဲ့အခါ ရေနံဈေးနှုန်းတွေက မူလအနေအထားအတိုင်း ပြန်ကျသွားတာကို ခင်ဗျားတို့ တွေ့ရလိမ့်မယ်” လို့လည်း ထရမ့်ပ်က ဖြည့်စွက် ပြောပါတယ်။

အမေရိကန်စားသုံးသူတွေရဲ့ CPI ကုန်ဈေးနှုန်းညွှန်းကိန်းဟာ ၃ လဆက်တိုက် မြင့်တက်လာပေမဲ့လည်း ဒီမိုကရက် သမ္မတဟောင်း ဂျိုးဘိုင်ဒင် လက်ထက်မှာ အမြင့်ဆုံးဖြစ်ခဲ့တဲ့ ၉ ဒသမ ၁ ရာခိုင်နှုန်းထက်တော့ အများကြီး လျော့နည်းနေပါသေးတယ်။

အမေရိကန် ဗဟိုဘဏ်ကတော့ ငွေကြေးဖောင်းပွမှုကို ၂ ရာခိုင်နှုန်းအတွင်း ရေရှည်ထိန်းထားနိုင်ဖို့ ရည်မှန်းထားပါတယ်။

၂၀၂၄ ရွေးကောက်ပွဲကာလတုန်းက ရီပတ်ဘလစ်ကန် သမ္မတလောင်း ထရမ့်ပ်ဟာ ငွေကြေးဖောင်းပွမှု လျှော့ချရေးကို သူ့အစိုးရရဲ့  ဦးစားပေးမူဝါဒအဖြစ် ဆောင်ရွက်မယ်ဆိုပြီး မဲဆွယ်ခဲ့ဖူးပါတယ်။

လာမဲ့ နိုဝင်ဘာလမှာ ကျင်းပမဲ့ သက်တမ်းဝက်ရွေးကောက်ပွဲ မတိုင်ခင် မဲဆန္ဒရှင်တွေက နိုင်ငံ့စီးပွားရေးကို အဓိက စိုးရိမ်စရာကိစ္စရပ်အနေနဲ့ သတ်မှတ်ထားတဲ့အလျောက် ထရမ့်ပ် အတွက် နိုင်ငံရေးပြဿနာတခု ဖြစ်လာခဲ့ပါတယ်။

လက်ရှိ အီရန်စစ်ပွဲကို အမြန်ဆုံးဖြေရှင်းနိုင်ခဲ့ရင်တောင် ဟော်မုဇ်ရေလက်ကြားထဲက ကုန်စည် စီးဆင်းမှုတွေ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ဆိုရင် ၂၀၂၇ အထိ အချိန်ယူရနိုင်ကြောင်း စီးပွားရေးပညာရှင်တွေက သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013