DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုက ၃ လအတွင်း လေယာဉ်ဆီဂါလန် ၂ သန်းနီးပါး သုံးစွဲခဲ့
DVB
·
March 26, 2026
Photo: Blood Money - သွေးစွန်းငွေ
Photo: Blood Money - သွေးစွန်းငွေ
Donate to DVB

အာဏာသိမ်း စစ်အုပ်စုက သယ်ယူပို့ဆောင်ရေး လေယာဉ်အုပ်စုတစုတည်းအတွက် ၃ လအတွင်း လေယာဉ်ဆီဂါလန် ၂ သန်းနီးပါး သုံးစွဲခဲ့တဲ့အကြောင်း Blood Money သွေးစွန်းငွေအဖွဲ့က မတ် ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

၂၀၂၅ ခုနှစ်၊ ဇွန် ၁၆ ရက်ကနေ စက်တင်ဘာ ၁၆ ရက်အထိ လေ့လာတွေ့ရှိချက်အရ ၃ လအတွင်းမှာ စစ်အုပ်စုက လေယာဉ်ဆီ IG ၁ ဒသမ ၈ သန်းကျော် သုံးစွဲခဲ့ပြီး ကုန်ကျငွေပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ သန်း ကျော် ရှိခဲ့တာလို့ ဆိုပါတယ်။

သယ်ယူပို့ဆောင်ရေးလေယာဉ်တွေ ဆိုပေမဲ့ စစ်အုပ်စုကတော့ ပေါင် ၃၀၀၊ ပေါင် ၅၀၀ ဗုံးတွေ ကြဲချဖို့ရော လေ့ကျင့်ရေးအတွက်ရော အသုံးပြုတာဖြစ်သလို စစ်အုပ်စုမှာ သယ်ယူပို့ဆောင်ဖို့နဲ့ ဗုံးကြဲချနိုင်ဖို့ Y-8, Y-12, ATR-42, ATR-72, Fokker-70 တို့ရှိကြပြီး လေ့ကျင့်ဖို့အတွက် Beechcraft 1900, Grob G-120, Let L-410 တို့ရှိကြပါတယ်။ 

ဒီလေယာဉ်တွေဟာလည်း Jet A-1 လို့ခေါ်တဲ့ လေယာဉ်ဆီကို အသုံးပြုကြရတာဖြစ်တယ်လို့ Blood Money - သွေးစွန်းငွေအဖွဲ့က ပြောထားပါတယ်။

သယ်ယူပို့ဆောင်ရေးနဲ့ ဗုံးကြဲချနိုင်တဲ့ အုပ်စုမှာတော့ လေယာဉ်ဆီအသုံးအများဆုံးက Y-8 ဖြစ်ပြီး တနာရီကို ပျမ်းမျှ ၈၀၀ IG သုံးစွဲရပါတယ်။ Fokker-70 က ၇၀၀ IG, ATR 42/72 အမျိုးအစား လေယာဉ်တွေကတော့ ၂၂၀ IG သုံးစွဲရပြီး Y-12 တို့ကတော့ ၁၉၀ IG သုံးစွဲရတယ်လို့ ဆိုပါတယ်။

သယ်ယူပို့ဆောင်ရေးရော လေ့ကျင့်ရေးမှာပါ အသုံးပြုနိုင်တဲ့ Beechcraft-1900 နဲ့ Let L-410 တို့ကတော့ တနာရီကို ၁၈၅ IG သုံးစွဲရပြီး Grob G-120 ကတော့ တနာရီကို ၉၀ IG သုံးစွဲရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတခုကို မြင်တဲ့အခါ ဗုံးကြဲတဲ့လေယာဉ်ကိုသာ မြင်ရပေမဲ့ နောက်ကွယ်မှာတော့ ဒီလို သယ်ယူပို့ဆောင်ရေးလေယာဉ်တွေ၊ လောင်စာဆီနဲ့ ထောက်ပံ့ရေးစနစ် တခုလုံးက အတူတကွ လည်ပတ်နေကြတာလို့ Blood Money - သွေးစွန်းငွေအဖွဲ့က ပြောပါတယ်။

သယ်ယူပို့ဆောင်ရေးလေယာဉ်အုပ်စုဟာ တနာရီကို အနည်းဆုံး ဆီဂါလန် ၉၀ IG ကနေ အများဆုံး ၈၀၀ IG ထိ သုံးစွဲရတာကြောင့် အမေရိကန်ဒေါ်လာ ၂၀၀ ကနေ ၁၈၀၀ ကြား ကုန်ကျနေတာ ဖြစ်ပါတယ်။

လေယာဉ်တမျိုးချင်း ပြန်ကြည့်ရမယ်ဆိုရင် တနာရီ ပျံသန်းနိုင်ဖို့အတွက် Y-8 က ဒေါ်လာ ၁,၇၂၀၊ Fokker-70 က ဒေါ်လာ ၁,၅၀၀၊ ATR တွေက ဒေါ်လာ ၅၀၀၊ Y-12 က ဒေါ်လာ ၄၁၀၊ Beechcraft နဲ့ L-410 က ၃၉၇ ဒေါ်လာနဲ့ G-120 က ၁၉၄ ဒေါ်လာ စီ အနည်းဆုံး ကုန်ကျတယ်လို့ ဆိုပါတယ်။

ဒီပမာဏဟာ မြန်မာငွေအားဖြင့် ပျမ်းမျှ သိန်း ဆယ်ဂဏန်းကနေ ရာဂဏန်းထိ ကုန်ကျနေတာ ဖြစ်ပါတယ်။

ဒီကုန်ကျမှုဟာ လေယာဉ်ဆီတမျိုးတည်းအတွက်သာဖြစ်ပြီး လေယာဉ်မှာတပ်တဲ့ ဗုံးတွေ၊ လက်နက်တွေ၊ လေယာဉ်ပြုပြင်တာတွေအတွက် အပိုပစ္စည်းတွေ စတဲ့ ကုန်ကျစရိတ်တွေ မပါဝင်သေးဘူးလို့ Blood Money - သွေးစွန်းငွေအဖွဲ့က ပြောပါတယ်။

အခုထုတ်ပြန်ချက်ဟာ အကြမ်းဖက် လေကြောင်း စစ်ဆင်ရေးအတွက် မြန်မာစစ်အုပ်စု အသုံးပြုတဲ့ စစ်လေယာဉ် အုပ်စု ၃ စုက အုပ်စု ၁ စု (သယ်ယူပို့ဆောင်ရေး လေယာဉ်အုပ်စု) အတွက် သုံးစွဲမှုရဲ့ အနည်းဆုံးပျမ်းမျှအပေါ် အခြေခံထားပြီး အရှေ့အလယ်ပိုင်းစစ်မဖြစ်မီ လေယာဉ်ဆီဈေး 1 IG ကို ၂ ဒသမ ၁၅ ဒေါ်လာနှုန်းနဲ့ တွက်ချက်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာလည်း မြန်မာပြည်တွင်းမှာ အများပြည်သူတွေ လောင်စာဆီ အကျပ်အတည်းနဲ့ ကြုံတွေ့နေကြရပေမဲ့ စစ်ကောင်စီကတော့ ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဉ်ရက်ဆက်ပြုလုပ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013