
မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်တာတွေကနေ အသက်မသေဘဲ လွတ်မြောက် လာတဲ့ ချင်းတိုင်းရင်းသူတယောက်က မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်အုပ်စုကို ဒိန်းမတ် နိုင်ငံတရားရုံးမှာ ပထမဆုံးအကြိမ် အမှုစွဲချက်တင်လိုက်ပါတယ်။
တိုင်ကြားသူဟာ ဒိန်းမတ်နိုင်ငံမှာ လက်ရှိ နေထိုင်တဲ့ ချင်းတိုင်းရင်းသူ တယောက်ဖြစ်ပြီး သူ့ရဲ့ နာမည်ကိုတော့ လျှို့ဝှက်ထားတဲ့အကြောင်းနဲ့ ဒိန်းမတ်နိုင်ငံ အာဏာပိုင်တွေထံမှာ မြန်မာစစ်အုပ်စုအဖွဲ့ဝင်တွေကို ရာဇဝတ်မှုကြောင်းအရ အမှုဖွင့် တိုင်ကြားလာခဲ့တာလို့ ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့တွေက အောက်တိုဘာ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒိန်းမတ်နိုင်ငံမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီမှာ စတင်အသက်ဝင်တဲ့ ဥပဒေသစ်နဲ့ တိုင်ကြား လိုက်တာဖြစ်ပြီး အဲဒီဥပဒေအရ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွတ်သူတွေကို ဒိန်းမတ်နိုင်ငံထဲမှာ တရားစွဲဆို အမိန့်ချမှတ်နိုင်တာ ဖြစ်ပါတယ်။
တိုင်ကြားသူရဲ့ရှေ့နေ အက်ဒီအိုမာ ရိုဆင်ဘာ့ဂ်ခါဝါဂျက “ဒိန်းမတ်နိုင်ငံရဲ့ ဥပဒေသစ်အရ သက်ဆိုင်ရာ ရာဇဝတ်မှုကို ဘယ်နေရာမှာကျူးလွန်ခဲ့တယ်၊ ကျူးလွန်သူနဲ့ ကျူးလွန်ခံရသူတွေ ဟာ ဘယ်နိုင်ငံသား ဖြစ်တယ်ဆိုတဲ့ အချက်တွေဟာ အရေးမကြီးတော့ပါဘူး။ ဒီဖြစ်စဉ်တွေကနေ လွတ်မြောက်လာသူအနေနဲ့ ဒိန်းမတ်နိုင်ငံမှာ နေထိုင်တယ်ဆိုရင် သူတို့ ခံစားခဲ့ရတဲ့ အနိဋ္ဌာရုံဖြစ်စဉ်တွေကို ကျူးလွန်ဖို့ အမိန့်ပေးခဲ့သူတွေကို တာဝန်ခံမှုရှိလာအောင် ဒိန်းမတ်နိုင်ငံက အာဏာပိုင်တွေဆီမှာ အမှုဖွင့် တိုင်ကြားနိုင်ပါတယ်” လို့ ပြောပါတယ်။
တိုင်ကြားချက်ထဲမှာ ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်တာ၊ ရွာလုံးကျွတ်မီးရှို့တာ၊ ရွာလုံးကျွတ် နေရပ်စွန့်ခွှာရတာတွေ ပါဝင်ပြီး စစ်အာဏာရှင်တပ်က ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်လာတာကြောင့် ချင်းပြည်နယ်က ပြည်သူထောင်သောင်းချီဟာ အိန္ဒိယနိုင်ငံထဲကို တိမ်းရှောင် ခဲ့ကြရပါတယ်။
အမှုအတွက် လိုက်ပါကူညီပေးနေတဲ့ Myanmar Action Group Denmark (MAGD) ရဲ့ ဥက္ကဋ္ဌ ထရေစီဘောလှေးက “ဒိန်းမတ်နိုင်ငံအနေနဲ့ ၁၉၉၀ ပြည့်နှစ်တွေမတိုင်ခင်ကတည်းက မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုနဲ့ တသားတည်းရပ်တည်ခဲ့တဲ့ အစဉ်အလာရှိပါတယ်။ ဒိန်းမတ်အနေနဲ့ ဖွံ့ဖြိုးရေးအကူအညီပေးတာတွေ၊ တက်ကြွလှုပ်ရှားသူတွေကို ထောက်ပံ့ ကူညီတာတွေ၊ စစ်အစိုးရကို ကျော်လွှားပြီးကူညီတာတွေ၊ လူ့အခွင့်အရေးလှုပ်ရှားမှုတွေနဲ့ တသွေးတသားတည်း ရပ်တည်ပေးခဲ့တာတွေ စတဲ့ လုပ်ဆောင်ချက်တွေနဲ့ ကူညီပေးခဲ့ပါတယ်။ ဒီနေ့မှာတော့ မြန်မာပြည်သူတွေနဲ့အတူ ဒိန်းမတ်ပြည်သူတွေ၊ လှုပ်ရှားမှုတွေမှာပါဝင်နေတဲ့ ဒိန်းမတ် တက်ကြွလှုပ်ရှားသူတွေကပါ တာဝန်ခံမှုရှိရေး၊ နိုင်ငံတကာဥပဒေ စိုးမိုးရေးတို့အတွက် အတူတကွ ရပ်တည်လာကြတာဖြစ်ပါတယ်။ MAGD နဲ့တကွ အမှုအတွက် လိုက်ပါ ကူညီပေးနေတဲ့ Chin Community Denmark (CCDK) အပါအဝင် ဒိန်းမတ်နိုင်ငံမှာရှိတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အသက်ရှင်လျက်လွတ်မြောက် လာသူတွေ၊ အရေးကြီးတဲ့သက်သေတွေကို စစ်ဆေးအတည်ပြုနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။
တိုင်ကြားသူနေထိုင်တဲ့ ချင်းပြည်နယ်က သူ့ရဲ့ရွာမှာ အိမ်အလုံး ၄၀ လောက်ကို မီးရှို့ခံရတာ ကိုယ်တိုင်မြင်ခဲ့ရသလို မိသားစုဝင်တွေ၊ မိတ်ဆွေတွေဟာလည်း စစ်အာဏာရှင် တပ်ဖွဲ့ဝင်တွေထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးတာ၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းတာတွေကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
အမှုစွဲချက်တင်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ Myanmar Accountability Project ရဲ့ ညွှန်ကြားရေးမှူး ခရစ်စတိုဖာ ဂန်းနက်စ်က “မြန်မာနိုင်ငံဟာ တာဝန်ခံမှုမရှိတာ၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတာတို့ကြောင့် ဒုက္ခခံစားနေရတယ်လို့ ဒိန်းမတ်အစိုးရအနေနဲ့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကသံရုံးကို ပိတ်သိမ်းတော့မယ်လို့လည်း ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။ ဒီအတွက် ဒီအမှုကိစ္စဟာဆိုရင် မြန်မာပြည်သူတွေနဲ့၊ သူတို့ မျှော်မှန်းထားတဲ့ တရားမျှတပြီး ငြိမ်းချမ်းတဲ့ အနာဂတ်မျှော်မှန်းချက်တွေကို ရပ်တည်ထောက်ခံကြောင်းပြသဖို့ရာ ဒိန်းမတ်အစိုးရနဲ့ အာဏာပိုင်တွေအတွက် အခွင့်အလမ်းတခုပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
Myanmar Accountability Project ဟာ လက်ရှိမှာ မြန်မာစစ်အုပ်စုကို စွဲချက်တင်ထားတဲ့ အရှေ့တောင်အာရှနဲ့ ဥရောပတို့က အမှုတွေမှာ လိုက်ပါကူညီနေပါတယ်။
ခရစ်စတိုဖာ ဂန်းနက်စ် က “စစ်အာဏာသိမ်းပြီးချိန်ကစလို့ ပဋိပက္ခဆက်စပ်အကြမ်းဖက်မှုတွေမှာ လူ ၁ သိန်းကျော် သေဆုံးခဲ့ရပြီး၊ မြန်မာနိုင်ငံရဲ့ပဋိပက္ခဟာ ကမ္ဘာတလွှား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအနက် အသက်အန္တရာယ် အခြိမ်းခြောက်နိုင်ဆုံး စတုတ္ထအဆင့်မှာ ရပ်တည်နေခဲ့ပါတယ်။ နိုင်ငံလုံးကျွတ်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုကြောင့် လူမဆန်လောက်အောင်ခံစားနေရတဲ့ နိုင်ငံရေးဖိနှိပ်မှုဟာ ပိုလို့တောင်ဆိုးဝါးလာပါတယ်။ ဒါကြောင့် တရားမျှတမှုနဲ့ တာဝန်ခံမှုဟာ ပိုလို့တောင် အရေးကြီးလာပါတယ်” လို့ ပြောပါတယ်။
ဒီအမှုကနေ စစ်တပ်ကျူးလွန်တာတွေကို အမိန့်ချနိုင်မယ်ဆိုရင် ကျူးလွန်သူ တယောက်ချင်းစီအလိုက် ဝရမ်းထုတ်တာ၊ ဖမ်းဆီးခံရနိုင်တာတွေရှိလာနိုင်သလို နိုင်ငံတကာ အရေးယူပိတ်ဆို့တာတွေ ပိုပြင်းထန်လာနိုင်ပြီး ICC နဲ့ ICJ တို့လို နိုင်ငံတကာတရားရုံးတွေအတွက် အထောက်အထားတွေ ထပ်ရလာမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ နောက်ဆုံးထုတ်အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကပ်ဘေးကို အဆိုးဝါးဆုံးတွေ့ကြုံခံစားနေရတဲ့နိုင်ငံတွေမှာ ပါဝင်ပြီး လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်နေပါတယ်။
စစ်တပ်ကတော့ အကူအညီ အင်မတန်လိုအပ်နေတဲ့ ဒေသတွေဆီကိုလည်း လူသားချင်း စာနာထောက်ထားရေး အကူအညီတွေမပေးပို့နိုင်အောင် ပိတ်ပင်တားဆီးနေပြီး ခန့်မှန်းခြေ လူပေါင်း ၃၈ သိန်းလောက်ဟာ နိုင်ငံတွင်းဒေသအနှံ့အပြားမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။











