လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ကြောင်း မြန်မာအပေါ် ICJ စီရင်ချက် နိုင်ငံတကာ စီရင်ထုံးဖြစ်လာ

မြန်မာနိုင်ငံဟာ လူမျိုးတုန်းသတ်ဖြတ်မှုကို ရည်ရွယ်ချက်ရှိရှိကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ပထမဆုံးစီရင်ချက်ချခံရတဲ့ နိုင်ငံဖြစ်တာကြောင့် ဒီအမှုဟာ နောက်နောင်အမှုတွေအတွက် နိုင်ငံတကာစီရင်ထုံးဖြစ်လာတယ်လို့ ဥပဒေပညာရှင်တွေက မှတ်ချက်ပေးပါတယ်။
မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ICJ တရားသူကြီးတွေက နိုဝင်ဘာ ၁၉ ရက်မှာ အမိန့် စီရင်ချက်ချခဲ့တာပါ။
ICJ က ၂၀၀၇ ခုနှစ်မှာ ဆာဘီးယားနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ကြောင်း စီရင်ချက်ချခဲ့ပေမဲ့ ရည်ရွယ်ချက်ရှိရှိကျူးလွန်တယ်ဆိုတဲ့ စွဲချက်ကိုတော့ အတည်မပြုခဲ့ပါဘူး။
မြန်မာနိုင်ငံအနေနဲ့ နစ်နာသူတွေကို ပြန်လည်ထူထောင် ကုစားပေးဖို့၊ လျော်ကြေးပေးဖို့နဲ့ လျော်ကြေးပမာဏကို တရားရုံးက ဆက်လက်သတ်မှတ်ပြီး မြန်မာနိုင်ငံက ၂ နှစ်အတွင်း အစီရင်ခံစာ တင်သွင်းရမယ်လို့ တရားသူကြီး အီဝါဆာဝါကစီရင်ချက်အမိန့်မှာ ထည့်သွင်း ညွှန်ကြားခဲ့ပါတယ်။
တကယ်လို့ မြန်မာစစ်တပ်ဘက်က တရားရုံးရဲ့ညွှန်ကြားချက်ကို မလိုက်နာ၊ အကောင်အထည်မဖော်ရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကြားနာ အရေးယူမှုတွေ ထပ်ဆင့်ရှိလာနိုင်တာဖြစ်ပါတယ်။
နိုင်ငံတကာဥပဒေပညာရှင်က ဒေါက်တာစုယဉ်ထွန်း “ပြဋ္ဌာန်းချက်တွေအလိုက် စစ်တပ်က ကျူးလွန်ခဲ့တဲ့လုပ်ရပ်တွေကို ချိန်ထိုးပြီး သက်သေခံချက်တွေအပေါ် စဉ်းစား ပြီးဆုံးဖြတ်ခဲ့တာ ဖြစ်တယ်။ တရားမျှတမှုကို ရလိုက်တယ်လို့ခံစားရတယ်။ ကြိုတင်မှန်းဆထားပြီးဖြစ်ပေမဲ့ စိုးရိမ်စိတ်တွေလည်းရှိခဲ့တယ်။ လူမျိုးတုန်းသတ်ဖြတ်မှုတွေရှိခဲ့တယ်ဆိုတာ အထောက်အထားတွေရှိပေမမဲ့ ကျူးလွန်လိုစိတ် ကြံရွယ်ချက်နဲ့အတူ ဆောင်ရွက်ခဲ့ တယ်ဆိုတာ ICJ က ချမှတ်ခဲ့တဲ့အတွက် မြန်မာက ကမ္ဘာအတွက် စီရင်ထုံးတခု ဖြစ်သွားတာတွေ့ရတယ်။ စီရင်ချက်မှာ တားမြစ်ရမယ်ဆိုတာ အဓိကအချက်ဖြစ်တယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့တယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ကျမတို့နိုင်ငံကိုရော ကမ္ဘာကိုရော ဒါမျိုးထပ်လုပ်လို့မရဘူးဆိုတာမျိုးဖြစ်တယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ကျူးလွန်ခံရသူတွေရဲ့စကားတွေဟာ အကျုံး ဝင်တယ်ဆိုတာ တကမ္ဘာလုံးကို သက်သေပြလိုက်နိုင်ပြီ။ ကျူးလွန်တဲ့သူတွေ ထပ်မကျူးလွန်နိုင်အောင် တားမြစ်နိုင်ပြီလို့ ယူဆတဲ့အတွက် ကျူးလွန်မှုတွေကို မှတ်တမ်းတွေ ယူထားနိုင်ပြီလို့ ဆိုနိုင်တယ်။ နိုင်ငံကတာဝန်ယူရမှာဖြစ်တယ်။ ဒီအဖြစ်အပျက်တွေ ဖြစ်ခဲ့တဲ့အချိန် NLD အစိုးရအပေါ်မှာ တာဝန်ရှိသလို အခုလက်ရှိ မင်းအောင်လှိုင်အစိုးရ အပေါ်မှာလည်း တာဝန်ရှိတယ်။ နောက်ထပ်တက်လာမဲ့ အစိုးရတွေအပေါ်မှာလည်း တာဝန်ရှိတယ်။ နိုင်ငံတကာဥပဒေဟာ Soft Law ဖြစ်တယ်။ တချို့တွေမျှော်လင့်ထားသလို ဖမ်းမယ်ဆိုတာမျိုးတော့ မဟုတ်ဘူး။ တာဝန်ရှိသူတွေနဲ့ဆက်စကားပြောမယ်။ လုပ်ဆောင်ရမဲ့ အချက်တွေကို ဖိအားပေးမယ်။ နိုင်ငံတွေအချင်းချင်း နိုင်ငံတကာလူ့အသိုက်အဝန်း တွေရဲ့ ကတိကဝတ်ရှိမှု တာဝန်ရှိမှုကို ဂမ်ဘီယာက သက်သေပြလိုက်နိုင်တာဖြစ်တယ်”လို့ ပြောပါတယ်။
ICJ ရဲ့စီရင်ချက်ဟာ မြန်မာစစ်တပ်ပေါ်မှာ ဆိုးကျိုးသက်ရောက်မှုတွေအများကြီး ရှိလာမှာဖြစ်ပြီးရာဇဝတ်မှုတွေကနေ အပြစ်ပေးအရေးယူမှု ကင်းလွတ်ခွင့်ရနေတဲ့ ကိစ္စတွေကို ရပ်တန့်အောင်လုပ်ဆောင်သွားနိုင်မယ်လို့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတွေက မှတ်ချက်ပေးပါတယ်။
ICJ ၊ ကုလသမဂ္ဂ ၊ နိုင်ငံတကာအစိုးရနဲ့ ပြည်သူတွေပေးတဲ့ ဖိအားတွေကို မြန်မာစစ်တပ်က ရင်ဆိုင်ရမှာဖြစ်ပြီး သူတို့ကို အသိအမှတ်ပြုဆက်ဆံသူတွေဟာလည်း အလားတူဖိအားတွေ ကြုံလာရဖို့ရှိနေတာပါ။
တရားရုံးညွှန်ကြားချက်တွေကို မြန်မာစစ်တပ်က လေးစားလိုက်နာမှုရှိမရှိ စောင့်ကြည့်လေ့လာ မှတ်တမ်းတင်တဲ့လုပ်ငန်းတွေမှာ ထဲထဲဝင်ဝင်ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်သွားဖို့လိုအပ်တယ်လို့ ဆိုပါတယ်။
Women’s Peace Network (WPN)မှ မဝေဝေနုက “သမိုင်းမှာ မရှိခဲ့ဖူးဘူး။ ပထမဆုံး ရည်ရွယ်ချက်ရှိရှိ လူမျိုးတုန်းသတ်ဖြတ်မှုခေါင်းစဉ်နဲ့ စီရင်ချက်ချခံရတာဖြစ်ပါတယ်။ စီရင်ထုံးဖြစ်သွားပြီ။ နိုင်ငံကိုစီရင်တာဖြစ်ပေမဲ့ တရားသူကြီးရဲ့ပြောဆိုချက်ထဲက ကျူးလွန်သူတွေအ ကြောင်းပြောဆိုရာမှာ မင်းအောင်လှိုင်ရဲ့နာမည်ကို ၂ ကြိမ်တိုင်တိုင် ထည့်သွင်းပြောဆိုခဲ့တယ်။ မင်းအောင်လှိုင်နဲ့ သူ့ကိုထောက်ခံနေတဲ့သူတွေ၊ အသိအမှတ်ပြု ဆက်ဆံနေတဲ့နိုင်ငံတွေကို ကျမတို့ ပိုပြီးဖိအားပေးလာနိုင်မယ်။ ချက်ချင်း လုပ်လို့ရတာတွေရှိသလို အချိန်ယူပြီး စစ်တပ်ကို အရေးယူမှု၊ တာဝန်ယူမှုတာဝန်ခံမှုနဲ့ နိုင်ငံရေးကနေ ထုတ်ပယ်ဖို့ ကိစ္စတွေကို တဆင့်ချင်းလုပ်သွားနိုင်မယ်။ ရေရှည်မှာ ပြုပြင်ပြောင်းလဲရေးကို အဆင့်ဆင့်လုပ်သွားနိုင်မှာဖြစ်တယ်။ အမိန့်ထဲမှာ ၂ နှစ်အတွင်းမှာ လျော်ကြေးပေးရမဲ့ ကိစ္စတွေနဲ့ ကုစားပေးရမဲ့ ကိစ္စတွေကို သူတို့ အစီရင်ခံစာတင်ရမယ်။ စစ်တပ်ဘက်က ဘယ်လိုဆက်လုပ်သွားမယ်ဆိုတာမသိပေမဲ့ တော်လှန်ရေးအင်အားစု တွေဘက်က စနစ်တကျအစီအစဉ်ရေးဆွဲပြီး ဆောင်ရွက်နိုင်မယ်ဆိုရင် အလားအလာ ကောင်းတွေ အများကြီးရှိလာမယ်”လို့ ပြောပါတယ်။
မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှု အမှုအတွက် ICJ တရားသူကြီး ၁၅ ဦးက အချက် ၁၃ ချက်အပေါ် မဲခွဲဆုံးဖြတ်ခဲ့ရာမှာ အဓိက စွဲချက်အားလုံးနီးပါးအတွက် မြန်မာနိုင်ငံမှာ အပြစ်ရှိကြောင်း အများစုမဲနဲ့ အတည်ပြု ဆုံးဖြတ်ခဲ့တာပါ။
ICJ တရားရုံးဟာ ကုလသမဂ္ဂရဲ့ တရားဝင် တရားစီရင်ရေးအဖွဲ့ဖြစ်ပြီး ပြစ်မှုထင်ရှားကြောင်း စီရင်ချက်ချခံရတဲ့ နိုင်ငံတွေဟာ ဒဏ်ကြေးငွေပေးဆောင်ရတာ၊ ပြစ်မှုကျူးလွန်တာကို ရပ်တန့်ရတာနဲ့ တရားမကြောင်းဆိုင်ရာ တရားရုံးရဲ့အမိန့်တွေကို လိုက်ပါဆောင်ရွက်ရတာ ဖြစ်ပါတယ်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးစာချုပ် ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်နဲ့ တရားစွဲဆိုထားတဲ့အမှုကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ်အတည်ပြု အမိန့်ချခဲ့တာဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းသတ်ဖြတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်ဟာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) နှစ်ခုစလုံးမှာ အမှုရင်ဆိုင်ခဲ့ရတာပါ။
ICJ က ကိုင်တွယ်တဲ့အမှုတွေက နိုင်ငံတွေအပေါ်စွဲဆိုတဲ့အမှုတွေဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က ကိုင်တွယ်တဲ့အမှုတွေကတော့ လူပုဂ္ဂိုလ်တဦးချင်းစီရဲ့ ကြီးလေးတဲ့ရာဇဝတ်မှုတွေကို တရားစွဲဆို အပြစ်ပေးတဲ့ အမှုတွေဖြစ်ပါတယ်။
ဒီပြဿနာနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်ကို ICC က ဖမ်းဝရမ်းထုတ်ဖို့ ဗြိတိန်လွှတ်တော်အမတ် ၁၁ ယောက်က ဗြိတိန်လွှတ်တော်မှာ (Early Day Motions) အရေးကြီးကိစ္စအဖြစ် လက်မှတ်ရေးထိုးတိုက်တွန်းထားသလို စစ်အာဏာရှင် မင်းအောင်လှိုင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးထင်ကျော်တို့ အပါအဝင် ၂၃ ယောက်ကို အာဂျင်တီးနားတရားရုံးက ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်မှာ ဖမ်းဝရမ်းထုတ်ပြန်ထားပါတယ်။











