
၂၀၂၆ မေ ၁ ရက်ကစပြီး တရုတ်နိုင်ငံဟာ အက်စ်ဝါတီနီကလွဲရပြီး အာဖရိကနိုင်ငံ အားလုံးအပေါ် ကောက်ခံနေတဲ့ သွင်းကုန်ခွန်တွေကို ပယ်ဖျက်ပေးလိုက်ပါတယ်။
၂၀၂၄ ဒီဇင်ဘာလကတည်းက အာဖရိကတိုက်ရဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး ၃၃ နိုင်ငံကို တရုတ်အနေနဲ့ အခွန်ကင်းလွတ်ခွင့် ပေးခဲ့တာဖြစ်ပြီး အခုဆိုရင် ၅၃ နိုင်ငံအထိ တိုးချဲ့ပေးလိုက်တာပါ။
လာမဲ့ ၂၀၂၈ ဧပြီ ၃၀ ရက်အထိ အကျုံးဝင်တဲ့ အခွန်ကင်းလွတ်ခွင့်ပေးရေး (Zero-Tariff) မူဝါဒထဲမှာ တရုတ်က ထိုင်ဝမ်နဲ့ တရားဝင်ဆက်ဆံရေး ထူထောင်ထားတဲ့ အက်စ်ဝါတီနီနိုင်ငံကိုတော့ ချန်လှပ် ထားခဲ့ပါတယ်။
ဒါ့အပြင် တရုတ်ဟာ အာဖရိကအတွက် ပထမဆုံး အခွန်ကင်းလွတ်ခွင့် ပေးလိုက်တဲ့ စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်တယ်လို့လည်း ကြေညာထားပါတယ်။
ဒါပေမဲ့လည်း လေ့လာသူတွေကတော့ ဒါဟာ တရုတ်ရဲ့ သြဇာလွှမ်းမိုးနိုင်စွမ်း ကြီးထွားလာအောင် အခွင့်အရေးကို အသုံးချနေတာ ဖြစ်တယ်ဆိုပြီး ထောက်ပြထားပါတယ်။
တကယ့်လက်တွေ့မှာလည်း အာဖရိကပို့ကုန်လုပ်ငန်းရှင်တွေရဲ့ အဓိက အခက်အခဲဟာ အခွန် စည်းကြပ်မှုမဟုတ်ဘဲ အခြေခံအဆောက်အအုံပိုင်း ဖြစ်တယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာ အမေရိကန်ကတော့ အာဖရိကနိုင်ငံတချို့ကို ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း အခွန် ၃၀ ရာခိုင်နှုန်း စည်းကြပ်ခဲ့ပါတယ်။
အဲဒီအခွန်ကောက်ခံမှုအများစုကို အမေရိကန်တရားရုံးချုပ်က ပယ်ချခဲ့တဲ့အလျောက် အာဖရိနိုင်ငံ တွေဟာ ၁၀ ရာခိုင်နှုန်းသာ ပေးဆောင်နေရတာ ဖြစ်ပါတယ်။
တရုတ်ပို့ကုန်ပမာဏဟာ အာဖရိကပြန်တင်ပို့နေတာထက် အများကြီး ကျော်လွန်နေတဲ့အပြင် နှစ်ဖက်ကွာဟချက်ပါ ကြီးမားလာခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်အတွင်း တရုတ်နဲ့ ကုန်သွယ်ရာမှာမှာ အာဖရိကရဲ့ ကုန်သွယ်ရေး လိုငွေပြမှု (Trade Deficit) ဟာ ၆၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ဒေါ်လာ ၁၀၂ ဘီလီယံအထိ ရှိခဲ့ပါတယ်။
တရုတ်အတွက် အာဖရိကရဲ့ ပို့ကုန်တွေထဲမှာ ရေနံစိမ်းနဲ့ သတ္တုရိုင်းလိုမျိုး တွင်းထွက်ပစ္စည်းတွေနဲ့ ကုန်ကြမ်းပစ္စည်းတွေသာ အဓိကပါဝင်ပါတယ်။
တရုတ်ကနေ အာဖရိကကို တင်ပို့ရာမှာတော့ အထည်အလိပ်တွေနဲ့ အီလက်ထရောနစ်ပစ္စည်းလိုမျိုး ကုန်ချောတွေသာ တွေ့ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ထိုင်ဝမ်နဲ့ သံတမန်ဆက်ဆံရေးရှိထားတဲ့ ၁၂ နိုင်ငံထဲမှာ အက်စ်ဝါတီနီလည်းပါဝင်ပြီး အာဖရိကတောင်ပိုင်းရဲ့ ကုန်တွင်းပိတ်နိုင်ငံတခု ဖြစ်ပါတယ်။
လွန်ခဲ့တဲ့လမှာဆိုရင် တရုတ်ရဲ့ ဖိအားပေးမှုကြောင့် ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က အက်စ်ဝါတီနီ သွားမဲ့ ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။
ဒါဟာ “တရုတ်က သူတို့မိတ်ဆွေတွေအပေါ် ဘယ်လိုမျိုးဆက်ဆံတယ်၊ ထိုင်ဝမ်ရဲ့ မိတ်ဖက်တွေ ဆိုရင်တော့ ဘယ်လိုပုံစံမျိုးဖြစ်မယ် ဆိုတာကို ကမ္ဘာကြီးသိအောင် ပြသချင်နေတာပါ” ဆိုပြီး နိုင်ငံရေးသိပ္ပံပညာရှင် ဝမ်-ထီဆွန်းက မှတ်ချက်ပြုပါတယ်။
Source:Reuters










