မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ရဲ့ အတွင်းရေးမှူးချုပ် မာ့ခ်ရူတေဟာ အောက်တိုဘာ ၁ ရက်က ဂျာမနီနိုင်ငံ မူအန်းစ်တာမြို့မှာ အဖွဲ့ကိုယ်စား နိုင်ငံတကာ ဝက်စ်ဖှေးလီယား ငြိမ်းချမ်းရေးဆုကို လက်ခံရယူခဲ့ပါတယ်။
ဂျာမန်-နယ်သာလန် ပူးတွဲစစ်ဦးစီးဌာန (1GNC) မှာ ကျင်းပခဲ့တဲ့ ဆုလက်ခံရယူပွဲကို ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ်ချ်မားဇ်၊ နယ်သာလန်ဝန်ကြီးချုပ် ရော့ဘ်ယက်တန် တို့နဲ့အတူ သွားရောက်ခဲ့တာဖြစ်ပြီး ဂုဏ်ပြုအမှာစကားကို ဂျာမနီဝန်ကြီးချုပ် မားဇ်က ပြောကြားခဲ့ပါတယ်။
မားဇ်က ဥရောပတိုက်ကြီးအတွင်း ငြိမ်းချမ်းရေးဟာ ရုရှားဘက်ကနေ စတင်လာတဲ့ အကြမ်းဖက် နယ်မြေပြန်လည်တောင်းဆိုရေး ဝါဒကြောင့် ခြိမ်းခြောက်ခံနေရပြီး နာတိုနယ်စပ်အနီးမှာ “လူသတ်ပွဲဆန်တဲ့ စစ်ပွဲကြီးတခုဟာ ၅ နှစ်နီးပါးရှိပြီ ဖြစ်ကြောင်း” ထည့်သွင်း ပြောကြားခဲ့ပါတယ်။
NATO မဟာမိတ်အဖွဲ့ကိုယ်စား ငြိမ်းချမ်းရေးဆုကို လက်ခံရယူတဲ့ အခမ်းအနားမှာ ရူတေက “တည်ငြိမ်အေးဆေးရှိပေးပြီး ယူကရိန်းကိုလည်း ဆက်လက်ထောက်ပံ့ပါ” လို့ ပြောကြားခဲ့ပြီး “မဟာမိတ်နယ်မြေ တလက်မချင်းစီကို ကာကွယ်ဖို့အတွက် ကျွန်ုပ်တို့မှာ အသင့်တော်ဆုံး အနေအထား ရှိတာကြောင့် စိတ်အေးအေးထားကြပါ” လို့ ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
ဥရောပဟာ ဒီနေ့ခေတ်မှာ ငြိမ်းချမ်းတဲ့အနေအထားမှာ မရှိတော့ဘဲ ရုရှားဟာ NATO အဖွဲ့ဝင်တွေကို ကွဲပြားအောင်လုပ်ဖို့နဲ့ ယူကရိန်းကို ထောက်ပံ့တာတွေ ရပ်တန့်သွားစေဖို့ ကြိုးပမ်းနေတယ်လို့ ရူတေက ဆိုပါတယ်။
ရုရှားရဲ့ အခုလို တိုက်ခိုက်မှုတွေဟာ ပူတင်အနေနဲ့ ယူကရိန်းမှာ သူလိုချင်တာတွေ မရတဲ့အတွက် လှိုက်လှိုက်လှဲလှဲ လက်မှိုင်ချနေရတဲ့ လက္ခဏာတရပ်သာ ဖြစ်ကြောင်း၊ ဥရောပကို ပြန်ပေးဆပ်ခိုင်းချင်နေပေမဲ့ အောင်မြင်မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
ရုရှားဟာ လေပိုင်နက်ချိုးဖောက်မှုတွေ၊ ဖျက်ဆီးရေးလုပ်ရပ်တွေနဲ့ ဟိုက်ဘရစ် တိုက်ခိုက်မှုတွေ လုပ်ဆောင်ပြီး ဥရောပတဝန်းမှာ NATO ကို အားစမ်းနေတယ်လို့ ရူတေက ထောက်ပြခဲ့ပါတယ်။
ဒါ့အပြင် လူဦးရေ တစ်ဘီလီယံကို အကာအကွယ်ပေးတယ်ဆိုတာ မာရသွန်ပြိုင်ပွဲလို မြန်မြန်ပြီးသွားတာမျိုး မဟုတ်ဘဲ ရေရှည်သွားရမဲ့ ခရီးဖြစ်ပြီး ရုရှားရဲ့ “စစ်ရေးယန္တရား” က အားနည်းပျက်စီးသွားမှာ မဟုတ်ကြောင်း ပြောပါတယ်။
ရုရှားရဲ့ စစ်ရေးစွမ်းအင်အပြင် တရုတ်နိုင်ငံရဲ့ စစ်ရေးခေတ်မီအောင် တည်ဆောက်မှုနဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုတွေကလည်း နှေးကွေးသွားမှာ မဟုတ်တာကြောင့် မဟာမိတ်အဖွဲ့ဝင်တွေအနေနဲ့ ကာကွယ်ရေးနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ဆက်လက် လုပ်ဆောင်ကြဖို့နဲ့ ယူကရိန်းကို ဆက်ပြီး အပြည့်အဝ ထောက်ပံ့သွားကြဖို့ တိုက်တွန်းပြောပါတယ်။
နိုင်ငံတကာ ဝက်စ်ဖှေးလီယား ငြိမ်းချမ်းရေးဆုဟာ ၁၆၄၈ ခုနှစ်၊ မူအန်းစ်တာနဲ့ အော့စ်နာဘရူအက်ခ် မြို့တွေမှာ လက်မှတ်ရေးထိုးခဲ့ပြီး “အနှစ် ၃၀ စစ်ပွဲ” ကို အဆုံးသတ်စေခဲ့တဲ့ ဝက်စ်ဖှေးလီယား ငြိမ်းချမ်းရေးစာချုပ်တွေကို အစွဲပြုကာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာ နားလည်မှု ရရှိရေးအတွက် အထူးကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြု ချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။
Source: Reuters










