
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ရေကြီးရေလျှံလာလို့ ဒေသခံတွေကို အရေးပေါ်ပြောင်းရွှေ့ခဲ့ရတယ်လို့ ဒေသခံကူညီကယ်ဆယ်ရေးအဖွဲ့တွေ ဆီက သိရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းပြီး ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ရေကြီးရေလျှံမှု ဖြစ်ပွားလာတာကြောင့် အမှတ် ၅ ရပ်ကွက်နဲ့ သီလှရင်စုရပ်ကွက်တွေထဲက ဒေသခံတွေကို သြဂုတ် ၉ ရက် ညနေက ကယ်ဆယ်ရေးစခန်းတွေဆီ အရေးပေါ်ပြောင်းရွှေ့ခဲ့ရတယ်လို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “မိုးရေ၊ မြစ်ရေ တိုးနေတာ။ ဒေသခံတွေကို ရေဘေး လွတ်ရာကို ပြောင်းပးထားရတယ်။ အနိမ့်ပိုင်းဒေသတွေက အိမ်တွေက မြုပ်ကုန်ပြီ၊ တချို့နေရာတွေကရေ ၅ ပေကျော်လောက်ကို မြုပ်နေတယ်။ ရေက ထပ်တိုးတက်နေတယ်။ ရေမြုပ်ဒေသ များနိုင်တယ်” လို့ ပြောပါတယ်။
ရေဘေးသင့် ဒေသခံတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့တွေက ညောင်ဦးမြို့က မြသိန်းတန်ဘုရား(ယာယီ) ရေဘေးရှောင်စခန်းကို ကူညီပြောင်းရွှေ့ပေးထားတယ်လို့ သိရပါတယ်။
ညောင်ဦးမြို့နယ်မှာ သြဂုတ် ၁၀ ရက် နေ့လယ်ပိုင်းအထိ မိုးသည်းထန်စွာရွာသွန်းနေကာ ဧရာဝတီမြစ်ရေဆက် လက်တိုးနေတဲ့အတွက် ရေဝင်နစ်မြုပ်မှုဖြစ်ပေါ်တဲ့ ဒေသတွေ ဆက်လက်တိုးလာနိုင်တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဆိုပါတယ်။










