အီရန်လုံခြုံရေးအကြီးအကဲ အလီလာရီဂျာနီ အသတ်ခံရအပြီးမှာ အမေရိကန်နဲ့ အစ္စရေးတို့ ငြိမ်းချမ်းရေးယူဖို့ မရှိတော့ဘူးလို့ အီရန်အဓိပတိခေါင်းဆောင်သစ်က ထုတ်ပြန်လိုက်ပါတယ်။
မို့ဂျ်တာဘာခါမေနီက “အမေရိကန်နဲ့ အစ္စရေးတို့ ဒူးထောက် အရှုံးပေးပြီး လျော်ကြေးမပေးမချင်း ငြိမ်းချမ်းရေးယူဖို့ အချိန်အခါ မဟုတ်သေးဘူး” လို့ ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေး ဒါမှမဟုတ် တင်းမာမှုတွေလျှော့ချရေး ကြားဝင်ညှိနှိုင်းပေးတဲ့ နိုင်ငံတွေရဲ့ ကမ်းလှမ်းချက်တွေကို ခါမေနီက ပယ်ချလိုက်တာဖြစ်ပါတယ်။
မတ် ၁၆ ရက် ညပိုင်းက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်လုံခြုံရေးအကြီးအကဲ အလီလာရီဂျာနီနဲ့ သူ့ရဲ့သားဖြစ်သူ အပါအဝင် ဒုတိယအကြီးအကဲ အလီရီဇာ ဘာယတ်တို့ သေဆုံးသွားခဲ့သလို ဘာဆစ်ဂျ် ပြည်သူ့စစ်အဖွဲ့ အကြီးအကဲ ဂိုလမ်ရီဇာ ဆိုလေမာနီလည်း အသတ်ခံခဲ့ရပါတယ်။
တချိန်တည်းမှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ဖို့ကိစ္စမှာ NATO မဟာမိတ်တွေရဲ့ အကူအညီကို မလိုအပ်တော့ဘူးလို့ ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကလည်း “ဒီနေ့ ကတ်ပြားပေါ်က နာမည် ၂ ခုကို ဖျက်ပစ်နိုင်ခဲ့ပြီး နောက်ထပ် ဘယ်လောက်ကျန်သေးလဲဆိုတာ တွေ့ရပါလိမ့်မယ်” လို့ ဆိုပါတယ်။
လာရီဂျာနီ လုပ်ကြံခံရတာကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်ဘက်က အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ကို ကလက်စတာဗုံးတွေ တပ်ဆင်ထားတဲ့ ဒုံးကျည်တွေနဲ့ မတ် ၁၇ ရက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အစ္စရေးဘက်က အနည်းဆုံး လူ ၂ ယောက် သေဆုံးခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့တဲ့ စစ်ပွဲကာလမှာ အီရန်ဘက်က လူ ၃,၀၀၀ ကျော်နဲ့ လက်ဘနွန်မှာ ၉၀၀ ကျော် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။
အီရန်ဟာ အမေရိကန်အတွက် ချက်ချင်းအန္တရာယ်ပြုနိုင်တဲ့ ခြိမ်းခြောက်မှု မရှိဘူး ဆိုပြီး အမေရိကန် အမျိုးသားအကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးစင်တာ အကြီးအကဲ ဂျိုးဇက်ကန့်က မတ် ၁၇ ရက်မှာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။
Source: Reuters










